နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

 

ရွေးတုအစိုးရ ထိန်းချုပ်မှုအောက်ရှိ စာသင်ကျောင်းများအတွင်း အကြမ်းဖက် ဖိနှိပ်မှုနှင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ပိုမို ကြီးထွားလာနေသော်လည်း ၎င်းတို့အနေဖြင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာ သင်ယူနိုင်ရေးကို ကာကွယ်စောင့်ရှောက်ပေးနေကြောင်း ရွေးတုအစိုးရ၏ ပညာရေးဒုဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။

 

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ၌ ကလေးသူငယ်များ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း အကြမ်းဖက်မှု ကင်းစင်ရေး မူဝါဒ တစ်ရပ် ချမှတ် အကောင်အထည်ဖော်ရန် ရွေးတုလွှတ်တော်တွင် မေးမြန်းလာမှုအပေါ် ၎င်းက ထိုကဲ့သို့ တုံ့ပြန် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

 

“ကျောင်းအတွင်း ဘေးကင်းလုံခြုံရေးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးကို လက်ရှိမှာ အကောင်အထည်ဖော်နေပြီး ကျောင်းသားကျောင်းသူတွေ ဘေးကင်းလုံခြုံတဲ့ ပညာသင်ယူမှု ပတ်ဝန်းကျင်မှာ ပညာသင်ယူနိုင်ဖို့ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း သွားမယ်” ဟု ၎ရွေးတုအစိုးရ၏ ပညာရေးဒုဝန်ကြီး ဦးနေမျိုးလှိုင်က ဆိုသည်။

ထို့အပြင် ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အတွက် လက်ရှိ ပြဋ္ဌာန်းထားပြီးဖြစ်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတို့ကို ခေတ်နှင့်အညီ ပြင်ဆင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဖြေကြားသည်။

 

သို့သော် လက်ရှိတွင်မူ ရွေးတုအစိုးရ ထိန်းချုပ်ထားသည့် နေရာဒေသများရှိ စာသင်ကျောင်းများတွင် ပညာရေးဒုဝန်ကြီး ဖြေကြားသကဲ့သို့ ဘေးကင်းလုံခြုံစွာ ပညာသင်ယူနိုင်ရေး ကာကွယ်စောင့်ရှောက် ပေးခြင်း မရှိဘဲ ကျောင်းတွင်း အနိုင်ကျင့်မှုများနှင့် အန္တရာယ်များ ပိုမို ဆိုးရွားလာနေသဖြင့် ကျောင်းသားမိဘများမှာ စိုးရိမ်ပူပန်များဖြင့် စောင့်ကြည့်နေရကြောင်း သိရသည်။

 

“ဒီလို အခြေအနေတွေကြောင့် ကျွန်မအခု အလုပ်ထွက်ပြီး သားသားကို ကျောင်းကြိုပို့ လုပ်နေရတယ်။ အုပ်စုဖွဲ့ပြီး ကြီးနိုင်ငယ်ညှင်း ပြုကျင့်မှုတွေ၊ ဖိနှိပ်ခွဲခြားမှုတွေအပြင် စစ်တပ်က ပေါ်တာဆွဲမှာကိုပါ ကြောက်နေရတယ်။ အရာရာ ကြောက်နေရတဲ့ အနေအထားပါပဲ” ဟု ရန်ကုန်မြို့နေ ကျောင်းသား မိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ကျောင်းတွင်း အကြမ်းဖက်မှု ကင်းစင်ရေး မူဝါဒချမှတ် အကောင်အထည်ဖော်ရန်အဆိုကို ရွေးတု လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်တိုင်း၊ ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က တင်သွင်းခဲ့ ခြင်းဖြစ်ပြီး မှတ်တမ်းတင်ထားရန် ကျန်ရှိသည့် ရွေးတုလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးထက်မနည်း ဆွေးနွေးကြကာ ကန့်ကွက်သူမရှိ၍ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

“အခုစစ်အာဏာသိမ်းကာလမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ ပိုများလာတာက တရားဥပဒေစိုးမိုးမှု အတော် အားနည်းလာလို့ပါ။ နိုင်ငံရေးနဲ့ ပက်သက်ပြီး မလုပ်ရင်ပြီးရော ကျန်တာလုပ်ချင်တာ လုပ်ဆိုတဲ့ သဘောပါပဲ” ဟု ရန်ကုန်မြို့ရှိ ကျူရှင်ဆရာတစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

 

ထို့ပြင် အာဏာရှိသူများ၊ ၎င်းတို့နှင့် ရင်းနှီးသူများ၊ ဆွေမျိုးများ၊ လက်အောက်ခံ ပျူစောထီးများနှင့် သတင်းပေးဆိုသူများ အဓမ္မ ပြုမူလုပ်ဆောင်နေသည့်အပြင် ၎င်းတို့၏ သားသမီးများကလည်း စာသင် ကျောင်းများအတွင်း အလားတူ အကြမ်းဖက် ဖိနှိပ်မှုများ ပြုလုပ်လာကြသဖြင့် အောက်ခြေတွင် တရား ဥပဒေ ကင်းမဲ့ကာ ငွေနှင့် အာဏာရှိသူများကသာ တရားနိုင်သည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ဓာတ်ပုံ – ရွေးတုလွှတ်တော်