‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၁ ရက်
‎
‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ မြောက်စမ်း အမြောက်တပ်နှင့် သာပေါင်း-ရေကြည် အစပ်ရှိ ရိုးမတစ်လျှောက်သို့ ရွေးတုအစိုးရ စစ်တပ်က အင်အားများ ဖြန့်ခွဲ ပို့ဆောင်ရန် ကြိုးပမ်းနေစဉ် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
‎
စစ်ရေး တင်းမာနေသည့် အမြောက်တပ် အမှတ် (၃၄၄) အနီးသို့ စစ်တပ်က အင်အားများ ထပ်မံ ပို့ဆောင်ရန် ကြိုးစားရာတွင် AA နှင့် ပူးပေါင်းအဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကြောင်း များ ရှေ့တိုးနိုင်ခြင်းမရှိဘဲ တန့်နေကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

“အမြောက်တပ်ကို ပို့မယ့် တပ်တွေကို ကြားဖြတ် တိုက်တယ်လို့ ကြားရတယ်။ စက်ဒေါင့်ကြီး၊ ဝါးတောကွင်း ဘက်က တက်ရင် သုံးတန်ကူ၊ ခုနစ်တန်ကူ အဲ့ဒီကနေ မြောက်ဘက်ကို ကွေ့ရင် အမြောက်တပ် အနောက်ဘက် သီတာကုန်းပြင်ကို ရောက်မယ်။ အဲ့ဒီ နေရာတွေမှာ အတိုက်ခံရတာတွေ များတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နှင့် အောက်တိုဘာလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ စစ်အင်အားနှင့် လက်နက်ခဲယမ်း အပြည့် တင်ဆောင်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ စက်ယန္တရားများနှင့် စစ်သုံး ကားများသည် ရန်ကုန်မှ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) သို့ ဝင်ရောက် ခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်း အရှိန်အဟုန်မြှင့် အင်အားဖြည့်တင်းမှုများ ဆောင်ရွက်လာခြင်း ဖြစ်သည်။

စစ်တပ်သည် ရေကြည် အမြောက်တပ်ကို ကာကွယ်ရန်အတွက် ပြီးခဲ့သည့် မေလအကုန်နှင့် ဇွန်လ ပထမပတ်မှ စတင်ကာ သာပေါင်း-ရေကြည် အစပ်မှတစ်ဆင့် အမြောက်တပ် အနောက်ဘက်အခြမ်းသို့ စစ်အင်အားများ ဆက်တိုက် ဖြည့်တင်းခဲ့သည်။

သို့သော် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် အမြောက်တပ်၏ ကာကင်းစခန်းများ အသိမ်းခံ ခဲ့ရသည့်အပြင် သာပေါင်း-ရေကြည် အစပ်ရှိ စစ်တပ်၏ ပွိုင့်စခန်းကုန်းများကိုပါ အာရက္ခတပ်တော် (AA) က ဆက်တိုက် သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ရခိုင်တောင်ပိုင်းကို ပိတ်ဆို့ပြီး ဝင်ရောက်မည့် စစ်တပ်၏ အစီအစဉ်မှာ လက်လျှော့ရမည့် အခြေ အနေသို့ ဆိုက်ရောက်လာခဲ့သဖြင့် ယခုအခါ အင်အားထောင်ချီ ခေါ်ယူကာ တပ်ဖြန့်ရန် ထပ်မံ ကြိုးစားလာခြင်း ဖြစ်သည်။

‎လက်ရှိတွင် ရေကြည် အမြောက်တပ်အတွင်း၌ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ ကျုံပျော် ခလရ-၃၆၊ ဖျာပုံအခြေစိုက် ခလရ-၉၈၊ ဓနုဖြူအခြေစိုက် ခလရ-၁၀၈၊ တပ်မ (၆၆) လက် အောက်ခံ ခလရ-၁၄၊ ဟင်္သာတ ခလရ-၁၈ တပ်များအပြင် အခြား ထုတ်နှုတ်တပ်များကိုပါ အင်အားဖြည့်တင်း ပို့ဆောင်ထားကြောင်း သိရသည်။