ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Zephai ကျေးရွာ၌ တောလိုက် အမဲလိုက်စဉ် အချင်းချင်း သေနတ် မှားယွင်း ပစ်ခတ်မိရာမှ အမျိုးသားတစ်ဦး ရင်ဘတ်တွင် ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

သေဆုံးသူမှာ ထန်တလန်မြို့နယ်၊ ကျောင်းရပ်ကွက်မှ ဦးဗန်ကုန်းနှင့် ဒေါ်မိထွယ်တို့၏ တစ်ဦးတည်း သောသား အသက် (၂၈) နှစ်အရွယ် ကိုအာဗြဟံ ဖြစ်သည်။ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ဒေသန္တရအစိုးရ၏ တောလိုက်ခွင့်ပြုချက်ဖြင့် အဖော်များနှင့်အတူ တောလိုက် ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တောအတွင်း အမဲလိုက် ရှာဖွေစဉ် အဖော်ဖြစ်သူတစ်ဦးက ချုံပုတ်အတွင်း လှုပ်ရှားမှုကို တောကောင်ဟု မှားယွင်း ထင်မှတ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှ ကျည်ဆံမှာ ကိုအာဗြဟံ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အဖော်တွေနဲ့ တောလိုက်ကြရင်း တောကောင်နဲ့ မှားပြီး အချင်းချင်း မှားပစ်တာပါ။ ရင်ဘတ်တည့်တည့် ကျည်ထိမှန်ပြီး ရွာထဲ အချိန်မီ မရောက်နိုင်လို့ အဲဒီ ဒဏ်ရာနဲ့ လမ်းခုလတ်မှာ ဆုံးသွားတာပါ” ဟု ထန်တလန် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်နေရာမှာ ကျေးရွာနှင့် ဝေးကွာသည့် တောနက်ပိုင်းဖြစ်သဖြင့် ရွာသို့ အမြန်ဆုံး ပြန်လည် သယ်ဆောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ဒဏ်ရာ ပြင်းထန်သဖြင့် လမ်းခုလတ် တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

“မိသားစုရဲ့ အားကိုးရာ တစ်ဦးတည်းသောသား ရုတ်တရက် ဆုံးရှုံးလိုက်ရတာ အတော်ကို ရင်ဘတ် ကြီးနဲ့ မဆံ့အောင် ခံစားရပါတယ်။ ကျန်ရစ်သူ ဇနီးနဲ့ သမီးလေးအတွက်လည်း အတော့်ကို စိတ်မကောင်း ပါဘူး” ဟု ဒေသခံတစ်ဦးက ဆက်လက် ပြောဆိုသည်။

သေဆုံးသူ ကိုအာဗြဟံတွင် ဇနီးဖြစ်သူနှင့် အသက် ၁ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ပြီး ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီတွင် ဒေသဓလေ့ထုံးစံများနှင့်အညီ ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပုံစာ-တောကောင်နှင့် မှားယွင်း ပစ်ခတ်မိ၍ သေဆုံးသွားသူ ကိုအာဗြဟံ။