ဧရာဝတီတိုင်းမ်
(မူဆယ်)၊ နိုဝင်ဘာ ၁၇ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မြန်မာ – တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ ကြားတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်က စစ်ကောင်စီ တပ်၏ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တဖက်သတ် ရမ်းသန်းပစ်ခတ်ရာ ၁၀၅ မိုင် – ကျင်စန်းကျော့ လမ်းမတွင် ကားပြင်နေသည့် ၁၀၅ မိုင် ကားဝပ်ရှော့ဆိုင်မှ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ၁၀၅ မိုင်ဒေသခံ တစ်ဦးက ပြောသည်။
“၁ နာရီခွဲကျော် ၂ နာရီထိုးခါနီးမှာ ဗုံးကွဲတဲ့အသံ စကြားတယ်၊ ပြီးတော့ အပြန်အလှန်ပစ်တဲ့ သေနတ်သံတွေ ကြားတယ်၊ သိပ်မကြာဘူး စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ တဖက်သတ် ပစ်နေတော့တာပဲ၊ အဲ့ဒီ အနီးအနားမှာ ကားပျက်နေလို့ ကားလိုက်ပြင်ပေးတဲ့ ဝပ်ရှော့ဆိုင်က လူနှစ်ယောက်ကို ထိတယ်၊ တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာ ရတယ်၊ ဒဏ်ရာရတဲ့ တစ်ယောက်ကိုတော့ မူဆယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ၁၀၅ မိုင် ဒေသခံဖြစ်သူက ပြောပြသည်။
ဆက်လက်ပြီး ၎င်းက “၁၀၅ မိုင်ကနေ ကျင်စန်းကျော့ဘက်ကို ဦးတည်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ဘုရားကွင်းနားလေးမှာ အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်တာ၊ အဲ့ဒီမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး နဲ့ ရမ်းသန်းပစ်တော့ ကားပြင်နေတဲ့သူတွေကို သွားထိတာ”ဟုလည်း ပြောသည်။
မူဆယ်မြို့နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် အဖွဲ့ (MNDAA) နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ သွားလာ လှုပ်ရှားလျက်ရှိနေရာ ယင်း မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိကြောင်း ဒေသခံများကလည်း ပြောသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များသည် မကြာခဏ ပစ်ခတ် တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ လက်အောက်ခံ မန့်ပြိန်း ပြည်သူ့စစ် အဖွဲ့၏ Top One KTV ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရကြောင်းလည်း သိရသည်။
#မူဆယ် #စစ်ကောင်စီ #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #အရပ်သား #သေဆုံး
#Ayeyarwaddy_Times