ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုမှုကို ဆက် လက်ကိုင်စွဲရင်း မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်သွားဖို့ လိုအပ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ မားကို့စ်က ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရင်း အပြုသဘောဆောင်ပြီး မူဝါဒအခြေခံတဲ့ ထိတွေ့ဆက်ဆံမှု ကို လုပ်ဆောင်သွားဖို့ အဖွဲ့ဝင် ၁၁ နိုင်ငံစလုံး သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ၅ နှစ်ကြာ ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်တပ်ခန့်အစိုးရအနေနဲ့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေ လျှော့ချဖို့ ပျက်ကွက်ခဲ့တာကြောင့် အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ လိုလားနေပါတယ်။

 

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ဝရုန်းသုန်းကား အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်း သေဆုံးကာ ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

 

ရွေးတုသမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ဆီက အကူအညီတွေ ရရှိထားသလို ဒေါ်နယ်ထရမ့်အစိုးရက နှစ်ရှည်လများ အထီးကျန်ထားမှုကို ပြောင်းပြန်လှန်လိုက်ချိန်မှာ အမေရိကန် တာဝန်ရှိသူတွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ အပါအဝင် မကြာသေးခင် လပိုင်းအတွင်း နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ တိုးလာပါတယ်။

 

မြန်မာ့အကျပ်အတည်းကြောင့် မိသားစုတွေ အိုးအိမ်စွန့်ခွာနေရပြီး လူမှုအသိုင်းအဝိုင်းတွေ ပြိုကွဲကာ လူငယ်တွေအပေါ် ထိခိုက်နေတာကြောင့် “မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ ဘာတွေ ထပ်လုပ်ပေးနိုင်မလဲ” ဆိုတာကို ခေါင်းဆောင်တွေ မေးခွန်းထုတ်သင့်တယ်လို့ မားကို့စ်က ပြောပါတယ်။အာဆီယံအနေနဲ့ ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်မှုကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ထုတ်ဖော်ပြောပါတယ်။

 

အာဆီယံရဲ့ မြန်မာ့အရေး မူဘောင်ထဲမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့အပြင် သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ အာဆီယံရဲ့ ကြားဝင်စေ့စပ်မှု၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့လည်း ပါဝင်ပါတယ်။

 

မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ဘုံသဘောတူညီချက် ၅ ရပ် ပြန်လည်သုံးသပ်ချက်နဲ့ မြန်မာပါဝင်ခွင့်ဆိုင်ရာ အဆိုပြုချက်တွေကို ဆက်ဆွေးနွေးနေဆဲဖြစ်ပြီး ခေါင်းဆောင်တွေက အပြီးသတ် ဆုံးဖြတ်မှာဖြစ်ပေမဲ့ မြန်မာအပေါ်ထားတဲ့ မူဝါဒကိုတော့ လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ စနေနေ့မှာ ပြောကြားထားပါတယ်။

 

News: Reuters
Ref; ASEAN reaffirms engagement with Myanmar, seeks to advance peace plan