‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၅ရက်
‎

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ တောင်မော်ဦးရေတပ်စခန်းအနီးတွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ ကာကင်းစခန်းအချို့ လက်လွှတ်ဆုံးရှုံးကာ လက်နက်ခဲယမ်းများကိုပါ AA က သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

တောင်မော်ဦးရေတပ် အနီးဝန်းကျင်နှင့် မင်းပြင်၊ သိုင်းချောင်းကျေးရွာဘက်တို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်မှ ၁၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ခြေကုတ်ယူထားသည့် ကာကင်းစခန်းအချို့ကို လက်လွှတ်ဆုံးရှုံးထားရခြင်း ဖြစ်သည်။
‎

“တောင်မော်ဦးနားက အဝတောင်၊ ဒွေးချ၊ ကျောက်ဆည်ဘက်မှာ ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး အပြင်းအထန် တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က နီးစပ်ရာ တောတောင်တွေဘက် ဝင်ဆုတ်ပြေး ကြတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် သိုင်းချောင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာကာ တပ်ဆုတ်ထွက်ပြေးရမှုများ ရှိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်နှင့် ခဲယမ်းအများအပြားကို AA က သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
‎

လက်ရှိတွင် AA က ထိုးစစ်အရှိန် မြှင့်တင်လာသဖြင့် တောင်မော်ဦးရေတပ်၏ ကာကင်းစခန်းများရှိရာ အဝတောင်အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့များအကြား ဒရုန်းများကို အဓိကထား အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။

 

စစ်တပ်သည် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်နေ၍ ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှတစ်ဆင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိရာ ယမန်နေ့ နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ စနဲမြို့၊ တောင်ငူစုရပ်ကွက်ရှိ အရပ်သား နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲ ပျက်စီးခဲ့သည်။

 

ယင်းအပြင် ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းပိုင်းပေါ်ရှိ အများပြည်သူ အသုံးပြုနေသည့် ဆက်သွယ်ရေး တံတားများကိုလည်း ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲခြင်းနှင့် မိုင်းခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း AA က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် စစ်သင်္ဘောများမှ လူနေရပ်ကွက် များသို့ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လမ်းတံတားများ ဖျက်ဆီးခံထားရခြင်းတို့ကြောင့် ဒေသခံပြည်သူ များနှင့် ခရီးသွားလာသူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အထူးသတိပြု နေထိုင် သွားလာကြရန် လိုအပ်လျက်ရှိသည်။

 

ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)