ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
စစ်တပ်အက အာဏာသိမ်းပြီး ခြောက်နှစ်အတွင်း အခြေခံစားသောက်ကုန် စားဖိုဆောင်သီးနှံ တစ်ခုဖြစ်သော ကြက်သွန်နီဈေးသည် ယခုလပိုင်းအတွင်း တရိပ်ရိပ်တက်လာရာ တစ်ပိဿာလျှင် ကျပ်နှစ်သောင်းနီးပါးဈေးမြင့်တက်လာသည့်အတွက် အရေးပေါ် အစည်းဝေးခေါ်ခဲ့ပြီး ဈေးနှုန်းထိန်းရန် ကြိုးစားနေကြောင်း ဈေးကွက်သတင်းများအရ သိရသည်။
ကြက်သွန်နီဈေးနှုန်းသည် အမျိုးအစားနှင့် အရွယ်အစားကိုလိုက်ပြီး ဆိုက်သေးအမျိုးအစား ( လောက်စာလုံးအရွယ်အစား) တစ်ပိသာလျှင် ကျပ် ၈,၀၀၀ ၊ အလတ်စား ကျပ် ၁၅,၀၀၀ ၊ အကြီး ကျပ် ၂၀,၀၀၀ နှင့် ရှယ် ( မြစ်သားဆိုက်ကြီး) ၂၅,၀၀၀ ကျပ်ရှိကြောင်း ဈေးအတွင်းစုံစမ်းသိရသည်။
လက်ရှိတွင် ကြက်သွန်နီအဓိကလက်ကားဖြန့်ချီသောဘုရင့်နောင်ဈေးတွင် နိုဝင်ဘာ ၁၃ ရက်နေ့ မုံရွာ ကြက်သွန်နီဈေးနှုန်းသည် ရှယ် ၁၉,၅၀၀ ကျပ် ၊လတ်ကြီး ၁၈,၅၀၀ ကျပ် ၊ လတ်သန့် ၁၇,၀၀၀ နှင့် လတ်ချော ၁၃,၅၀၀ ကျပ်ဖြစ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါဈေးနှုန်းများမှာ ကြက်သွန်နီ ဈေးကြီးမြင့်တက်မှုအတွက် အရေးပေါ်အစည်းဝေးပြုလုပ်သည့်နေ့ ပေါ်ဈေးများဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်တွင် ကြက်သွန်နီတစ်ပိသာ ကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ ထိရှိကြောင်း ကြက်သွန်ကုန်သည်တစ်ဦးက ဆိုသည်။
” ကြက်သွန်နီက အသစ်ထွက်နေပြီ။ အသစ်က အရည်အသွေးမကောင်းဘူး။ အဟောင်းပဲဝယ်ကြတယ်။ အဟောင်းက တချို့အပင်တောင်ထွက်နေပြီ။ အခုက ကုန်သည်တွေကစားနေတာလားမသိဘူး။ ရေကြီး တာနဲ့လမ်းပိတ်တာနဲ့ဆိုပြီးတော့လေ။ ဈေးကပြန်ကျအုံးမှာ ” ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က အရေးပေါ်အစည်းဝေးပြုလုပ်ထားသဖြင့် နိုဝင်ဘာ ၁၆ ရက် ဈေးပြန်ဖွင့်မည့် တနလ်ာနေ့တွင် ဈေးနှုန်းအပြောင်းအလဲဖြစ်မဖြစ်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး လက်ရှိဈေးနှုန်းထက် လျော့နိုင်မည်မဟုတ်ကြောင်း ကြက်သွန်ရောင်းဝယ်သူအချို့က ခန့်မှန်းပြောဆိုသည်။
ယခင်နှစ်က ကြက်သွန်နီစိုက်တောင်သူများ အမြတ်နည်းသဖြင့် ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးမှု လျော့ကျခြင်းနှင့် ပြည်ပအဝယ်ရှိခြင်းတို့ကြောင့်ဈေးတက်သွားရကြောင်း ကြက်သွန်ကုန်သည်တစ်ဦး က ဆိုသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်