‎​ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၅ရက်
‎

‎​ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မိုင်းခွဲမှုများကြောင့် ဒေသတွင်း သွားလာရေးအတွက် အရေးပါသော တံတားအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း AAကထုတ်ပြန်လာသည်။
‎

‎​နိုဝင်ဘာလ၁၄ ရက် နံနက်ပိုင်းတွင် စစ်တပ်က တံတားများနှင့် ဒေသခံများ၏ နေအိမ်များကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၁ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားနှင့် သံသမချေတံတားတို့အား စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ပြီး၊ နံနက် ၁ နာရီ ၄၀ မိနစ်နှင့် ၁၀ နာရီ ၂၂ မိနစ်အချိန်တို့တွင်လည်း လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တံတားများ ပျက်စီးခဲ့ရသည်။
‎
‎အလားတူ နိုဝင်ဘာ ၁၄ ရက်၊ နံနက် နှစ် နာရီအချိန်ခန့်တွင် အဉ္ဇနပူရီမြို့နယ်၊ စွန်ရဲကျေးရွာရှိ တံတားလည်း စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
‎
‎

ဤကဲ့သို့ တိုက်ခိုက်မှုများကြောင့် တောင်ကုတ် – မအီ – ရမ်းဗြဲ – ကျောက်ဖြူ ကားလမ်းပေါ်ရှိ မင်းကျောင်းချောင်းတံတား၊ သင်ဇင်တန်ပေါက်တံတား၊ သံသမကြီးတံတားနှင့် သံသမချေတံတား စုစုပေါင်း လေး စင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
‎

‎သဇင်တန်‌ပေါက်တံတားနှင့် သံသမကြီးတံတားများကို ညဘက် ရေကြောင်းမှတဆင့် လာရောက်မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့ကြပြီး ကျန်တံတားများကိုမူ လေကြောင်းမှ Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AAကထုတ်ပြန်သည်။
‎

‎ကျောက်ဖြူမြို့နယ်အတွင်း၌လည်း ရေတပ်စခန်းအနီးတစ်ဝိုက် တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီး စခန်းအချို့လက်လွှတ်ရသည့် စစ်တပ်သည် ဆက်သွယ်ရေးတံတားများကို အဓိကထား ဖျက်ဆီးလာခြင်း ဖြစ်သည်။