ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အောက်ကနေ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားမူဝါဒကို လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဆာလာဇာရိုက စနေနေ့မှာ ပြောလိုက်ပါတယ်။
အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပြုရေး အဆိုပြုချက်တွေကို ဆွေးနွေးနေဆဲလို့ သူက ဆိုပါတယ်။
တနင်္ဂနွေနေ့ မနီလာမြို့မှာ စတင်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာစစ်ခေါင်းဆောင်တွေကို ၅ နှစ်ကြာ ပိတ်ပင်ထားမှု ဖြေလျှော့ပေးဖို့ အာဆီယံအပေါ် ဖိအားတွေ တိုးလာနေပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပေမဲ့ ထိုင်းနိုင်ငံနဲ့ အခြားအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ဘုံသဘောတူညီချက် (၅) ရပ် ပြန်သုံးသပ်ချက်မူကြမ်းကို ညှိနှိုင်းနေဆဲဖြစ်ပြီး အဆိုပြုချက်တချို့ကို အာဆီယံခေါင်းဆောင်တွေထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
ဒီပြန်လည်သုံးသပ်ချက်ကြောင့် မြန်မာနိုင်ငံရေး ခေါင်းဆောင်ပိုင်းအပေါ် ကန့်သတ်ချက်တွေ အပြောင်းအလဲ ရှိလာနိုင်မလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာတော့ သူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
“ပွင့်ပွင့်လင်းလင်း ဖြေရရင်တော့ မြန်မာအပေါ် ထားတဲ့ သဘောထားကို လျှော့ပေါ့ပေးတာမျိုး မရှိပါဘူး၊ ဘုံသဘောတူညီချက် (၅) ရပ်က ဆက်ရှိနေတုန်းပါပဲ” လို့ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ပြီး ခွင့်ပြုဖို့ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ မနီလာမြို့မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင်တွေဟာ မြန်မာကို ဖယ်ကြဉ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်သုံးသပ်ကြမှာ ဖြစ်ပါတယ်။
News: Reuters
Ref; ASEAN not easing Myanmar approach, bloc’s special envoy says