‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၅ရက်
‎

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရွှေမှော်များနှင့် လမ်းပိုင်းများကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြု၍ အကြိမ် ၃၀ ကျော် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များနှင့် ရွှေမော်တော်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က တိမ်းဖာတောင်နှင့် ကျွန်းကြီးဘက်သို့ ဆောင်းတွင်းကာလ ရေကျချိန်တွင် မော်တော်ယာဉ်များ သွားလာနိုင်ရန် မိုးလဲ ချောင်းကို ဖြတ်၍ ဖောက် လုပ်ထားသည့် လမ်းပိုင်းအား ပထမအကြိမ်အဖြစ် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်။ သေဆုံးမှုတော့ မကြားရသေးဘူး။ မော်တော်တွေ အတော်လေး ပျက်စီးသွားတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့နောက် Y-12 လေယာဉ်တစ်စင်းဖြင့် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ငှက်ပျောတောနှင့် သဖန်းပင် အနီးရှိ ရွှေမှော်များဘက်သို့ အကြိမ် ၃၀ ကျော် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်များနှင့် ရွှေမော်တော် အများအပြား အပြင်းအထန် ပျက်စီးခဲ့ကြောင်း Banmaw Scout Team ၏ ဖော်ပြချက်နှင့် ဒေသခံများထံမှ သိရသည်။
‎

လက်ရှိတွင် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်မျက်နှာ လေး ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တော်လှန်ရေး အင်အားစုများနှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ကုန်းမဟတ်၊ ဟန်တည်းနှင့် သင်္ချိုင်းကုန်းဘက်သို့လည်း ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိသည်။

 

ထို့အပြင် ရွေးတုအစိုးရစစ်တပ်သည် ဒေသခံပြည်သူများ အဓိက အသုံးပြုသွားလာနေသည့် ချောင်းကူးတံတား တစ်စင်းကိုလည်း အသေးစားဒုံးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
‎

ဗန်းမော်မြို့နယ်အတွင်း မြေပြင်တိုက်ပွဲများနှင့်အတူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန် နေသည့်အပြင် အရပ်သား အသုံးပြုရာ လမ်းတံတားများနှင့် ရွှေမှော်လုပ်ငန်းခွင်များပါ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

 

ပုံစာ- ဗန်းမော်မြို့နယ်အတွင်းရှိ ရွှေမှော်များနှင့် လမ်းပိုင်းများကို စစ်တပ်က ဗုံးကြဲပြီးနောက်တွေ့ရစဉ်။