ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ကိုးတောင်ဘို့ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ စစ်ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာနှင့် အင်အားများ ထပ်မံဖြည့်တင်း ချပေးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် Kawlin Revolution-KR တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မိတ္ထီလာလေတပ်မှ တက်လာသည့် စစ်တပ်၏ Y-8 ထောက်ပို့လေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် ကောလင်းမြို့ အရှေ့ဘက်ရှိ ကိုးတောင်ဘို့ကျေးရွာနှင့် အနီးဝန်းကျင်သို့ လေကြောင်းမှ ရိက္ခာထုပ်များနှင့် စစ်အင်အားများ ကြဲချပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်တပ်သည် ကောလင်းနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းများ ဖြန့်ခွဲဝင်ရောက်လျက်ရှိရာ ကိုးတောင်ဘို့မှ ထွက်လာသည့် အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် ကိုင်းမအနီး မိသလ္လင်ကုန်းကျေးရွာဘက်သို့ လည်းကောင်း၊ အခြားစစ်ကြောင်းတစ်ခုသည် ကန့်ဘလူ မြို့နယ် ပိန္နဲလျှိုကျေးရွာဘက်သို့ လည်းကောင်း ထိုးစစ်ဆင် ရောက်ရှိနေသည်။

“ကောလင်းထဲက ရွာတွေက အကုန်မီးရှို့ခံထားရတော့ အရှေ့ဘက်ခြမ်းမှာ စုပြီး စစ်ရှောင်နေရတာ။ အခု စစ်ကြောင်းထပ်ထိုးတော့ ဘယ်ပြေးရမယ် မသိတော့ဘူး။ စစ်တပ်ဘက်က ဖမ်းမိရင် သတ်နေတာလည်း မြင်တွေ့နေရတယ်” ဟု ကောလင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကောလင်းမြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းများသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ရာ မုတ်ဝကျေးရွာ အနီး၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ စစ်ကြောင်းက ခန့်သာအရှေ့ဘက် စိန်ပန်းကုန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်ကြောင်းထိုး ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် ကိုးတောင်ဘို့၊ မိသလ္လင်ကုန်း၊ ပိန္နဲလျှိုနှင့် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းအနီးရှိ ကျေးရွာနေပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် စစ်ကြောင်းသတင်းများကို အမြဲနားစွင့်ရန် လိုအပ်ကြောင်း တော်လှန် ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ဓာတ်ပုံ – Kawlin Info၊ လူမှုကွန်ရက်၊
ပုံစာ-ကောလင်းစစ်ရှောင်များ။