ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁၅ ရက်)
မနေ့ညက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြတယ်။ စကားတွေပြောကြ၊ ရယ်မော ကြရင်း အရက်သောက်တာလည်း များသွားခဲ့တယ်။
ဒီမနက် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ မနေ့ညက ပျော်ရွှင်မှုတွေနဲ့ မတူတော့ပါဘူး။ ခေါင်းက တဒုတ်ဒုတ် ကိုက်နေတယ်။ နှုတ်ခမ်း၊ ပါးစပ်၊ အာခေါင်တွေ ခြောက်ပြီး ရေငတ်နေတယ်။ ဗိုက်ကလည်း မအီမသာ ဖြစ်နေတယ်။ ခန္ဓာကိုယ်ကလည်း အားမရှိသလို ခံစားနေရတယ်။ အိပ်ရာက ထလိုက်တိုင်း ခေါင်းမူးပြီး ပျို့အန်ချင်နေတယ်။ အစာအိမ်ထဲ တစ်ခုခု ဝင်မွှေ့နေသလိုပါပဲ။ ဘာမှမလုပ်ချင် လောက်အောင် နုံးချည့်နေတယ်။
အလုပ်သွားရမယ်၊ အလုပ်ထလုပ်ရမယ်ဆိုတာ တကယ့်ကို စိတ်ညစ်စရာပါဗျာ။
ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့ အရပ်စကားနဲ့ “အရက်နာကျတယ်” လို့ ခေါ်ကြပါတယ်။ Alcohol Hangover လို့ ဆိုကြပါစို့ဗျာ။
အရက်နာကျတာဟာ လူတော်တော်များများ ကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ အရက်နာ ကျနေတဲ့အချိန်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အရက်နာ ကျတာနဲ့ အရက်အဆိပ်သင့်တာက မတူပါဘူး။ ခွဲခွဲခြားခြား သိရှိထားဖို့ လိုပါတယ်။
#အရက်နာကျတယ်ဆိုတာ ဘာလဲ
အရက်နာကျတာဟာ အရက်သောက်ပြီး နာရီအတော်ကြာတဲ့နောက်မှာ ခန္ဓာကိုယ်နဲ့ စိတ် မအီမသာ ဖြစ်တဲ့ လက္ခဏာတွေ ပေါ်လာတာ ဖြစ်ပါတယ်။ သွေးထဲက အရက်ပမာဏ တဖြည်းဖြည်း လျော့ကျလာပြီး သုညနီးပါး ရောက်လာချိန်မှာ အရက်နာကျတဲ့ လက္ခဏာတွေ ပိုသိသာလာပါတယ်။
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ရေဆာခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အလင်းရောင်နဲ့ အသံတွေကို မခံနိုင်ခြင်း၊ အိပ်ရေးမဝခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း… စတာတွေက အရက်နာကျချိန် ဖြစ်တတ်တဲ့ လက္ခဏာတွေပါ။ အရက်နာကျတာ လူတစ်ယောက်နဲ့တစ်ယောက် ခံစားရတာ မတူညီကြပါဘူး။ သောက်ခဲ့တဲ့ အရက်ပမာဏ၊ သောက်ခဲ့တဲ့အချိန်၊ အစားအသောက်၊ အိပ်ပျော်ခြင်းနဲ့ ကျန်းမာရေး အခြေအနေ တွေအပေါ် မူတည်ပါတယ်။
တချို့လူတွေဟာ အရက်နည်းနည်းလေး သောက်ရုံနဲ့ အရက်နာကျတတ်ပေမဲ့ တချို့ကတော့ အရက်များ များသောက်ပြီးမှ ခံစားရတတ်ပါတယ်။ အရက်နာကျတာဟာ ရေဓာတ်ခန်းခြောက်တာ အပါအဝင် ခန္ဓာကိုယ်က အရက်ကို တုံ့ပြန်အဆိပ်ဖြေရတာတွေကြောင့် ဖြစ်လာရတာပါ။
#အရက်သောက်ပြီးရင် ခန္ဓာကိုယ်ထဲ ဘာဖြစ်သွားလဲ
အရက်သောက်လိုက်တဲ့အခါ အရက်မှာပါတဲ့ Ethanol ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကနေ သွေးထဲ ကို ဝင်ရောက်ပါတယ်။ အသည်းက အရက်ကို ချေဖျက်ပြီး အဆိပ်အတောက် ရှင်းပေးပါတယ်။ ဒီဖြစ်စဉ်မှာ ခန္ဓာကိုယ်စနစ် အကုန်လုံးအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်လာပါတယ်။
ရေဓာတ်ဆုံးရှုံးခြင်း
အရက်ဟာ ဆီးသွားပိုများစေပါတယ်။ ဆီးခဏခဏ သွားရတဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ် အနည်းငယ် ခန်းခြောက်သွားရပါတယ်။ ရေဆာခြင်း၊ ပါးစပ်နှုတ်ခမ်း အာခေါင်ခြောက်ခြင်း၊ ခေါင်းကိုက် ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်လာရပါတယ်။
အစာအိမ်ကို ထိခိုက်ခြင်း
အရက်ဟာ အစာအိမ်အတွင်းနံရံကို ထိခိုက်ယားယံစေပြီး အစာအိမ်အက်ဆစ် ထွက်တာကို ပိုများ စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။
အိပ်စက်မှုကို ထိခိုက်စေခြင်း
အရက်သောက်ပြီး အိပ်ပျော်သွားတာဟာ ကောင်းကောင်း အိပ်ပျော်တာ မဟုတ်ပါဘူး။ အရက်ကြောင့် ညအိပ်စက်မှု အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ ညသန်းခေါင်မှာ နိုးလာတာ၊ အိပ်ရေးမဝတာ တွေကြောင့် နောက်တစ်နေ့မှာ ပိုပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။
ခန္ဓာကိုယ်အတွင်း ဓာတ်ပြောင်းလဲမှုများ
အရက်ကို အသည်းက ချေဖျက်တဲ့အခါ Acetaldehyde လို့ခေါ်တဲ့ အဆိပ်သင့်ဓာတ်တစ်မျိုး ယာယီခဏတာ ဖြစ်ပေါ်လာပါတယ်။ နောက်ထပ်ပြီး အရက်ဟာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းခြင်း တုံ့ပြန်မှုတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ နုံးချည့်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
#အရက်နာကျနေတဲ့ မနက်ခင်းမှာ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဂရုစိုက်မလဲ
အရက်နာကျနေချိန်မှာ ခန္ဓာကိုယ်ကို ပြန်လည် အနားယူဖို့ လိုပါတယ်။ ချက်ချင်း အရှင်းယူပစ်သလို သက်သာပျောက်ကင်းသွားစေမယ့် ဆေးဝါး၊ အစားအသောက်ဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ လက္ခဏာတွေကို သက်သာစေဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။
ပထမဆုံး ရေဓာတ်ပြန်ဖြည့်ပါ
အိပ်ရာက နိုးလာတဲ့အခါ ရေတစ်ခွက်လောက် ဖြည်းဖြည်းချင်း သောက်ပါ။ ပျို့နေတယ်ဆိုရင် ရေကို တစ်ခါတည်း အများကြီးမသောက်ဘဲ နည်းနည်းစီ ခဏခဏ သောက်ပါ။ အန်တာများပြီး ရေဓာတ် ဆုံးရှုံးနေတယ်ဆိုရင်တော့ ဓာတ်ဆားရည် (ORS) သောက်ရပါမယ်။ ရေတောင် မသောက်နိုင် လောက်အောင် ဆက်တိုက်အန်နေတယ်ဆိုရင်တော့ ဆေးကုသမှု ခံယူဖို့ လိုပါတယ်။
အစာပျော့ပျော့လေး စားပါ
ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ပေါင်မုန့်၊ ထောပတ်ကိတ်၊ ငှက်ပျောသီး၊ အဆီနည်းတဲ့ ဟင်းချိုနဲ့ အခြား အစာပျော့ပျော့လေးတွေ ရွေးချယ်စားသောက်ပါ။ အလွန်စပ်တဲ့ အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကတော့ ပျို့အန်ခြင်းနဲ့ အစာအိမ် မအီမသာဖြစ်ခြင်းကို ပိုဆိုးစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။
အိပ်ရေးဝဝအိပ်ပြီး အနားယူပါ
အရက်သောက်ထားမိတယ်ဆိုတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဇွတ်အတင်းအကျပ် တက်ကြွအောင် လုပ်ဖို့ မလိုပါဘူး။ အေးအေးဆေးဆေး အနားယူပါ။ ခေါင်းမူးနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်း ထန်ထန် လုပ်တာမျိုးကို ရှောင်ပါ။
#ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေး သောက်မယ်ဆိုရင် သတိထားပါ
အရက်နာကျတဲ့အခါ ခေါင်းကိုက်တာ သက်သာဖို့ အကိုက်အခဲပျောက်ဆေး သောက်ချင်တတ် ကြပါတယ်။ ဒါပေမဲ့ အရက်သောက်ထားတဲ့အချိန်နဲ့ အရက်သောက်ပြီးနောက်မှာ ဆေးဝါးတွေကို သတိထား အသုံးပြုဖို့ လိုပါတယ်။
Paracetamol (Acetaminophen)
အရက်သောက်ထားချိန်မှာ ပါရာစီတမော (Paracetamol) ကို မိမိသဘောနဲ့ သောက်ပြီး အရက်နာကျမှုကို ကုသဖို့ မသင့်ပါဘူး။ အရက်နဲ့ Paracetamol တွဲဖက်ခြင်း မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် အသည်း ဆိုးဆိုးရွားရွား ထိခိုက်တတ်ပါတယ်။ အသည်းရောဂါရှိသူတွေနဲ့ Paracetamol ပမာဏများများသောက်သူတွေမှာ အသည်းထိခိုက်နိုင်ခြေ ရှိပါတယ်။
Ibuprofen, Aspirin (NSAIDs)
အိုင်ဗျူပရိုဖင် (Ibuprofen), အက်စပရင် (Aspirin) စတာတွေဟာ ခေါင်းကိုက်တာ သက်သာ စေနိုင်ပေမဲ့ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ အရက်ကြောင့် အစာအိမ် ရောင်ရမ်းနေခဲ့ရင် ဗိုက်အောင့်တာနဲ့ အစာအိမ် သွေးယိုအန္တရာယ် ပိုရှိနိုင်ပါတယ်။ အစာအိမ်အနာ၊ ကျောက်ကပ် ရောဂါရှိသူတွေနဲ့ သွေးကျဲဆေး သောက်နေသူတွေမှာ ပိုပြီး သတိထားရပါမယ်။
အကိုက်အခဲပျောက်ဆေး သောက်ဖို့ လိုအပ်တယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ အရက်နာကျတိုင်း အကိုက်အခဲပျောက်ဆေး သောက်ဖို့ မလိုပါဘူး။
#မှားယွင်း ယူဆနေကြတဲ့ နည်းလမ်းများ
လူအများကြားမှာ အရက်နာကျတာ ပျောက်စေတယ်ဆိုတဲ့ နည်းလမ်းအမျိုးမျိုး ရှိကြပါတယ်။ တချို့ နည်းလမ်းတွေက ခဏတာ သက်သာသလို ခံစားရစေနိုင်ပေမဲ့ အရက်နာကျမှုကို တကယ် ပျောက်ကင်းစေတာတော့ မဟုတ်ပါဘူး။
ကော်ဖီပြင်းပြင်းသောက်ခြင်း
ကော်ဖီမှာပါတဲ့ Caffeine ကြောင့် ခဏတာ နိုးကြားလာနိုင်ပေမဲ့ သွေးထဲက အရက်ကို ပိုမြန်မြန် မဖယ်ရှားပေးနိုင်ပါဘူး။ ကော်ဖီ အလွန်အကျွံသောက်ရင် ရင်တုန်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
အရက်ထပ်သောက်ခြင်း (“Hair of the dog”)
အရက်ထပ်သောက်ခြင်းဟာ တချို့လက္ခဏာတွေကို ခဏတာ ဖုံးကွယ်ထားသလို ဖြစ်စေနိုင်ပေမဲ့ ပြဿနာကို ပိုကြာရှည်စေနိုင်ပါတယ်။ အရက်ကို အရက်နဲ့ ပြန်ကုတဲ့အကျင့်ဟာ အရက်သောက်သုံးမှုကို ထိန်းချုပ်ဖို့ ပိုခက်ခဲစေပါတယ်။
အအေးရေချိုးခြင်းနဲ့ ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်း
အအေးရေချိုးတာက ခဏတာ လန်းဆန်းသလို ခံစားရစေပေမဲ့ အရက်ကို ပိုမြန်မြန် ချေဖျက်စေတာ မဟုတ်ပါဘူး။ ချွေးများများထွက်အောင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ရေဓာတ်ခန်းခြောက်မှုနဲ့ ခေါင်းမူးခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
Hangover Cure၊ Vitamin နဲ့ Detox ဆေးများ
အရက်နာကျတာ ပျောက်စေတယ်ဆိုပြီး ကြော်ငြာထားတဲ့ ဆေးဝါးတွေ၊ အားဆေးတွေ၊ ဗီတာမင်တွေနဲ့ Detox ထုတ်ကုန်တွေကို တွေ့နိုင်ပါတယ်။အရက်နာကျမှုကို သေချာပေါက် ကုသပေးနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သိပ္ပံအထောက်အထား မရှိသေးပါဘူး။ ရေဓာတ်ခန်းခြောက်မှု ပြင်းထန်တာမရှိတဲ့ သာမန် Hangover အတွက် IV Drip ဆေးရည်သွင်းကုသဖို့လည်း ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။
အရက်နာကျတာကို သက်သာစေဖို့ အရေးကြီးဆုံးက အချိန်ပေးခြင်း၊ ရေဓာတ်ပြန်ဖြည့်ခြင်း၊ သင့်တော်တဲ့အစာစားခြင်းနဲ့ အနားယူခြင်းတို့ ဖြစ်ပါတယ်။
#အရက်နာကျနေချိန်မှာ မော်တော်ယာဉ် မောင်းနှင်ခြင်းကို ရှောင်ကြဉ်ပါ
မနက်အိပ်ရာနိုးလာတဲ့အခါ မူးဝေနေတဲ့ အရက်အရှိန် ပျောက်သွားသလို ခံစားရနိုင်ပေမဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ ပုံမှန်အခြေအနေကို ပြန်မရောက်သေးပါဘူး။
အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းနေခြင်း၊ ဆုံးဖြတ်နိုင်စွမ်း ထိခိုက်ခြင်း ၊ တုံ့ပြန်မှု နှေးကွေးခြင်း၊ ကိုယ်ခန္ဓာ ဟန်ချက်ထိန်းနိုင်စွမ်း လျော့နည်းခြင်း တွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် အရက်နာကျနေတဲ့အချိန်မှာ ကား၊ ဆိုင်ကယ် မောင်းနှင်ခြင်းနဲ့ အန္တရာယ်ရှိတဲ့ စက်ယန္တရား တွေ ကိုင်တွယ်မောင်းနှင်ခြင်းကို ရှောင်သင့်ပါတယ်။ အရက်သောက်ထားပြီး နောက်တစ်နေ့ မနက်မှာတောင် သွေးထဲမှာ အရက်ပမာဏ မြင့်မားစွာ ကျန်နေနိုင်ပါတယ်။
ကားမောင်းသူတွေ၊ စက်ရုံအလုပ်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ အမြင့်မှာအလုပ်လုပ်သူ တွေနဲ့ လူနာအသက်တွေကုသရေး စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ တာဝန်ယူနေရသူတွေအတွက် ပိုပြီးအရေးကြီးပါတယ်။မူးနေသလို မခံစားရတော့တာနဲ့ မော်တော်ယာဉ် မောင်းဖို့ စိတ်ချနေရပြီလို့ အတွေးအမှား မတွက်မိကြပါနဲ့။
#အရက်နာကျတာနဲ့ “အရက်အဆိပ်သင့်တာ” ကို ခွဲခြားပါ
အချိန်တိုအတွင်း အရက်အလွန်အကျွံ သောက်မိတဲ့အခါ Alcohol Poisoning (အရက်အဆိပ်သင့်မှု) ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနဲ့ ဦးနှောက်ရဲ့ အရေးကြီးတဲ့ လုပ်ဆောင် ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။
သတိလစ်ခြင်း၊ လှုပ်နှိုးလို့မရခြင်း၊ အသက်ရှူနှေးခြင်း၊ အသက်ရှူမမှန်ခြင်း၊ အလွန်စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း၊ ဆက်တိုက်အန်ပြီး သတိမကောင်းခြင်း အသားအရေ အလွန်အေးစက်ခြင်း၊ ဖြူဖျော့ခြင်း၊ ပြာနှမ်းခြင်း လိုလက္ခဏာတွေရှိရင် အရေးပေါ်ဆေးကုသမှု ချက်ချင်းယူပါ။ အရက်အဆိပ်သင့်သူကို အိပ်လိုက်ရင် ပြန်ကောင်းသွားမယ်ဆိုပြီး တစ်ယောက်တည်း မထားခဲ့ပါနဲ့။ သတိလစ်နေပေမဲ့ အသက်ရှူနေသေးရင် ဘေးစောင်းအနေအထား ထထားပြီး အသက်ရှူမှုကို စောင့်ကြည့်ပါ။
ပါးစပ်ကနေ ရေ၊ ကော်ဖီနဲ့ အစာတွေ အတင်းမတိုက်ပါနဲ့။ ဒါဟာ အသက်ဆုံးရှုံးနိုင်တဲ့ အရေးပေါ် ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။
နောက်ထပ် သတိထားရမယ့်အချက်ကတော့ အမည်မသိ၊ အရည်အသွေးမသေချာတဲ့ အရက်တွေမှာ မက်သနော (Methanol) ပါဝင်နိုင်တဲ့ အန္တရာယ်ပါပဲ။ အမြင်ဝေဝါးခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့်ခြင်းနဲ့ သတိအခြေအနေ ပြောင်းလဲခြင်းတွေ ဖြစ်လာရင် မက်သနော အဆိပ်သင့်မှုကို သံသယရှိရမှာ ဖြစ်ပြီး မျက်စိကွယ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်တာမို့ အရေးပေါ် ဆေးကုသမှု ခံယူရပါမယ်။
#အရက်နာကျတာ မကြာခဏ ဖြစ်နေရင်
တစ်ခါတလေ အရက်သောက်ပြီး နောက်တစ်နေ့ အရက်နာကျတာဟာ အရက်စွဲနေပြီလို့ ပြောရခက် ပါသေးတယ်။ ဒါပေမဲ့ အရက်နာကျတာ မကြာခဏ ဖြစ်နေတယ်ဆိုရင်တော့ မိမိရဲ့ အရက်သောက်သုံးမှုပုံစံကို ပြန်လည်သုံးသပ်သင့်ပါတယ်။
နေ့စဉ်အရက်များများ သောက်နေသူတွေမှာ မနက်အိပ်ရာနိုးချိန် လက်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ ပျို့အန်ခြင်းတွေဟာ သာမန် Hangover မဟုတ်ဘဲ အရက်ဖြတ်လက္ခဏာ (Alcohol Withdrawal) ဖြစ်နေနိုင်ပါတယ်။ ပြင်းထန်တဲ့ ဆေးဖြတ်လက္ခဏာတွေ ကြုံရတတ်တာကြောင့် ရုတ်တရက် ရပ်ပစ်မယ့်အစား ဆရာဝန်နဲ့တိုင်ပင်ပြီး လုံခြုံတဲ့ ကုသမှုအစီအစဉ် ရယူသင့်ပါတယ်။
#နောက်တစ်ကြိမ် အရက်နာမကျဖို့ ကြိုတင်ကာကွယ်ပါ
အရက်နာကျတာကို ရှောင်ရှားဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ အရက်မသောက်ခြင်း ဖြစ်ပါတယ်။
အရက်မသောက်ဖို့ ရွေးချယ်ခြင်းဟာ မိမိရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ဆုံးဖြတ် ချက်တစ်ခု ဖြစ်ပါတယ်။
အရက်သောက်မယ့်သူတွေအနေနဲ့လည်း အစာမရှိဘဲ ဗိုက်အလွတ်နဲ့ မသောက်ပါနဲ့။ အချိန်တိုအတွင်း အရက်အများကြီး မသောက်ပါနဲ့။ အရက်သောက်နေစဉ် ရေကိုလည်း ကြားဖြတ်သောက်ပါ။ အမည်မသိ၊ အရည် အသွေးမသေချာတဲ့ အရက်တွေကို ရှောင်ပါ။ အိပ်ဆေး၊ စိတ်ငြိမ်ဆေးနဲ့ အခြား မူးယစ်ဆေးဝါးများကို အရက်နဲ့ မရောပါနဲ့။ အရက်သောက်ထားရင် ကား၊ ဆိုင်ကယ် မမောင်းပါနဲ့။
ဒါပေမဲ့ ဒီအချက်တွေက အရက်အန္တရာယ် ကင်းစေတဲ့ အာမခံချက်တော့ မဟုတ်ပါဘူး။ အရက်ဟာ အသည်းရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကို တိုးစေ နိုင်ပါတယ်။ ဒါကြောင့် အရက်နာကျမှုမဖြစ်အောင် ကြိုတင်ကာကွယ်ရုံသာမက မိမိရဲ့ ရေရှည် ကျန်းမာရေး အတွက် အရက်သောက်သုံးမှုကို လျှော့ချဖို့လည်း အရေးကြီးပါတယ်။
သူငယ်ချင်းတွေနဲ့ ဆုံတွေ့ကြတာ၊ မိသားစုနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတာဟာ လူမှုဘဝရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြားမှာ တစ်ခါတလေ ပျော်ရွှင်အနားယူချင်တာဟာ သဘာဝပါပဲ။ ဒါပေမဲ့ အရက်နဲ့ချည်းပဲ ပျော်ရွှင်မှု မရှာပါနဲ့။
အရက်ကြောင့် မနေ့ညက ပျော်ရွှင်ခဲ့ပေမဲ့ ဒီနေ့မှာ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အလုပ်အကိုင် ထိခိုက်ခြင်းတွေ ခံစားရနိုင်ပါတယ်။ အရက်နာကျနေတဲ့ မနက်ခင်းတစ်ခုမှာ မိမိကိုယ်ကိုယ် အပြစ်တင်နေဖို့ထက် ခန္ဓာကိုယ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဂရုစိုက်ပေးဖို့ ပိုအရေးကြီးပါတယ်။ ရေဓာတ်ပြန်ဖြည့်ပါ၊ အစာစားပါ၊ သေချာအနားယူပါ။
မနေ့ညက ပျော်ရွှင်မှုဟာ ဒီနေ့ရဲ့ နာကျင်မှုနဲ့ အဆုံးသတ်တာမျိုး တကယ်ကြိုက်ရဲ့လား။ နောင်လာမယ့် နေ့တွေမှာလည်း ကျန်းမာ၊ တက်ကြွ၊ လုံခြုံတဲ့ ပျော်ရွှင်မှုမျိုးကို ရချင်ရင် အရက်ကို မရွေးဘဲ နေကြည့်ကြရအောင်ဗျာ။ ကျန်းမာရေးကောင်းမွန်ခြင်းဟာ ခဏတာပျော်ရွှင်မှုထက် ပိုပြီးကြာရှည် တန်ဖိုးရှိတဲ့ ဘဝလက်ဆောင်တစ်ခု ဖြစ်ပါတယ်။
နောက်တစ်ပတ်မှာတော့ “အကယ်၍ သင် အကာကွယ်မဲ့ အပျော်လွန်ခဲ့မိသော်” ဆိုတဲ့ ကျန်းမာရေး အသိပညာပေး ဘဝလမ်းညွှန်ကို ဆက်လက်စောင့်မျှော် ဖတ်ရှုပေးပါဦးခင်ဗျာ။