‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၉ ရက်

‎
ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာ ကော်မတီ (တတိယကော်မတီ) က “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက်အဆိုမူကြမ်းကို နိုဝင်ဘာ ၁၈ ရက်တွင် ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၃၃ မဲတို့ဖြင့် အတည်ပြုခဲ့သည်။
‎

ဆုံးဖြတ်ချက်အပေါ် မဲမခွဲမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည့် မိန့်ခွန်းတွင် မြေပြင်ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချထားမှုနှင့် အတုအယောင်ရွေး ကောက်ပွဲများကို ပယ်ချမှုများအတွက် ကြိုဆိုခဲ့သော်လည်း လက်နက်နှင့် လေယာဉ်ဆီလွှဲပြောင်းမှု ပိတ်ပင်ရေးကဲ့သို့သော တိုက်ရိုက်တောင်းဆိုချက်များ အားနည်းနေသေး ကြောင်း ထောက်ပြခဲ့သည်။

 

ယမန်နေ့ ‎ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် တတိယကော်မတီ အစည်းအဝေးတွင် အဆိုပါမူကြမ်းကို ပူးတွဲတင်သွင်းသည့် ဥရောပသမဂ္ဂ (EU) နှင့် အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကိုယ်စား ဆော်ဒီအာရေဗျကိုယ်စားလှယ်က မိတ်ဆက်တင်သွင်းခဲ့သည်။ ဆက်လက်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မဲမခွဲမီ ရပ်တည်ချက်ရှင်းလင်းမိန့်ခွန်း ပြောကြားရာတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာ ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ဆိုးရွား ပြင်းထန်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်အခြေအနေများကို နောက်ခံ ထား၍ ယခုဆုံးဖြတ်ချက်ကို အတည်ပြုခြင်းဖြစ်ကြောင်း ပြောကြားသည်။
‎

ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် စစ်အုပ်စုက အရပ်သားများအပေါ် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော် တာများနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြု၍ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တိုးပွားလာခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများအပေါ် ရာဇဝတ်သားသဖွယ် အရေးယူခြင်း၊ အဓမ္မတပ်သားစုဆောင်းခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိတ်ဆို့ခြင်းတို့ကို ပြင်းထန်စွာ ရှုတ်ချထားခြင်းအပေါ် မြန်မာ ကိုယ်စားလှယ်အဖွဲ့က ကျေးဇူးတင်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။
‎

ထို့အပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် စစ်အုပ်စုက ပြုလုပ်ခဲ့သည့် အတုအ ယောင်ရွေးကောက်ပွဲများကို ပယ်ချခြင်း၊ အိမ်ရှင်နိုင်ငံများ၏ ဝန်ထုပ်ဝန်ပိုးကို အသိအမှတ်ပြုခြင်းနှင့် ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်နှင့် တန်းတူညီမျှရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မူဝါဒကတိကဝတ်များကို ဖော်ပြထားခြင်းတို့ကိုလည်း ကြိုဆိုကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောဆိုထားသည်။
‎

သို့သော်လည်း အဆိုမူကြမ်းတွင် အရေးကြီးသည့် အချက်အချို့ ချန်လှပ်ခံထားရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက် ပြောကြားခဲ့သည်။

 

နိဒါန်းပိုင်းတွင် စစ်အုပ်စု၏ လက်နက်ရရှိမှုကို ဖော်ပြထားသော်လည်း လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် 61/30 နှင့် 62/3 တို့တွင် တူညီဆန္ဒဖြင့် အတည်ပြုပြီးဖြစ်သော လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အရေးယူမှုစာသားများ ပါဝင်ခြင်းမရှိကြောင်း ၎င်းက ထောက်ပြသည်။
‎

အထူးသဖြင့် နိုင်ငံတစ်ဝန်း ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ လေကြောင်းတိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ရေးနှင့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို တိုက်ရိုက်အထောက်အပံ့ပေးနေသည့် လက်နက်၊ ခဲယမ်း မီးကျောက်နှင့် လေယာဉ်ဆီ လွှဲပြောင်းရောင်းချမှုများ ရပ်ဆဲရေးအတွက် တိုက်ရိုက်တောင်းဆိုချက် အားနည်းနေကြောင်းလည်း သံအမတ်ကြီးက ပြောဆိုသည်။
‎

မြေပြင်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ပြတ်သားထိရောက်သော အစီအမံများ ပါဝင်မှသာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအနေဖြင့် အရပ်သားပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးသည် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

 

ယနေ့ ‎နိုဝင်ဘာ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့အကြား လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် လိုက်နာကျင့်သုံးမှုဆိုင်ရာအမှု၌ စီရင်ချက်ချမှတ်မည်ဖြစ်ရာ နစ်နာသူများအတွက် သမိုင်းဝင်မှတ်တိုင်ဖြစ်သည့် ယင်းစီရင်ချက်ကို အဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ အကောင် အထည်ဖော်ရန် အရေးကြီးကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆိုသည်။

‎
တရားမျှတမှုနှင့် နောင်တွင် ထပ်မံမဖြစ်ပွားစေရေးအတွက် အထွေထွေညီလာခံအနေဖြင့် လိုအပ်သော နောက် ဆက်တွဲလုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပြီး အဖွဲ့ဝင်နိုင်ငံများကလည်း ပံ့ပိုးကူညီရန် ၎င်းက တိုက်တွန်းခဲ့သည်။

 

လက်ရှိ မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက် စည်းရုံးထားနိုင်ရန် ယခုဆုံးဖြတ်ချက်အဆိုမူကြမ်းက အထောက်အကူပြုသည်ဟု ရှုမြင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက် ဤဆုံးဖြတ်ချက်ကို ထောက်ခံပြီး အခြားနိုင်ငံများကိုလည်း ထောက်ခံမဲပေးရန် တိုက်တွန်းခဲ့သည်။
‎

အတည်ပြုလိုက်သည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများကို ရှုတ်ချခြင်း၊ အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခြင်း၊ တရားမဝင် ရွေးကောက်ပွဲများဖြင့် အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုများကို ကန့်ကွက်ခြင်း၊ ICJ နှင့် ICC တို့အပါအဝင် တရားစီရင်ရေးယန္တရားများမှတစ်ဆင့် တာဝန်ခံစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးတို့ ပါဝင်သည်။
‎

ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ NUG ၏ မူဝါဒရပ်တည်ချက်ကို အသိ အမှတ်ပြုခြင်းနှင့် ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် သင့်လျော်သော ပတ်ဝန်းကျင်ဖန်တီးပေးရန် တိုက်တွန်းချက်များလည်း ပါဝင်သည်။

 

ဓာတ်ပုံ-NUG