ဆောင်းပါးရှင် – မောင်ဖြူဖွေး
(ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာ ၁၉ ရက်)
နှစ်ပေါင်းများစွာကြာအောင် တရုတ်နိုင်ငံသည် တားဆီးဟန့်တား၍ မရနိုင်သော စစ်ရေး အင်အားကြီးနိုင်ငံအဖြစ် ပုံရိပ်ဖော်ပြခဲ့သည်။ နိုင်ငံပိုင် မီဒီယာများ၏ ဗီဒီယိုများတွင် ကောင်းကင်ယံ၌ ပျံသန်းနေသော ကိုယ်ပျောက် (stealth) တိုက်လေယာဉ်များ၊ ဝေးလံသော ပစ်မှတ်များကို ထိမှန်နိုင်သည့် အသံထက်မြန် (hypersonic) ဒုံးကျည်များနှင့် ကမ္ဘာလုံးဆိုင်ရာ စစ်အင်အားကို ပြသနေသည့် လေယာဉ်တင်သင်္ဘောများကို မြင်တွေ့ရသည်။ လေ့လာသူ အများအပြားအတွက်လည်း တရုတ်သည် အမေရိကန်နှင့် မဟာမိတ်များကို လျင်မြန်စွာ အမီလိုက်လာနေသကဲ့သို့ ထင်မြင်စေခဲ့သည်။
သို့သော် တရုတ်၏ စစ်ရေးဝါဒဖြန့်မှုနှင့် စစ်မြေပြင်အဖြစ်မှန်ကြား ကွာဟမှုသည် ပေကျင်း (တရုတ်အစိုးရ)က ကမ္ဘာကို ယုံကြည်စေလိုသည်ထက် များစွာပိုမိုကြီးမားနေနိုင်ကြောင်း တိုးပွား လာနေသော အထောက်အထားများက ညွှန်ပြနေသည်။ စစ်လက်နက်ပစ္စည်းများ၏ စစ်မှန်သော စမ်းသပ်မှုမှာ စစ်ရေးချီတက်ပွဲ၊ တောက်ပ သော ကြော်ငြာဗီဒီယို သို့မဟုတ် လေကြောင်းပြပွဲ သရုပ်ပြမှုတို့ မဟုတ်ပါ။ ၎င်းမှာ တိုက်ပွဲ၏ ဖိအားအောက်တွင် စွမ်းဆောင်ရည် ပြသနိုင်ခြင်းပင် ဖြစ်သည်။ တရုတ်မှ တင်ပို့သည့် လက်နက်စနစ်များစွာသည် ထိုစမ်းသပ် မှုကို ခံနိုင်ရည်ရှိ၊ မရှိနှင့် ပတ်သက်သော မေးခွန်းများ ပိုမိုထွက်ပေါ်လာနေသည်။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ နောက်ဆုံး လက်နက်လွှဲပြောင်းမှု အချက်အလက်များအရ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သူများထဲတွင် ဆက်လက် ရပ်တည်နေပြီး အဓိက လက်နက်စနစ်များ၏ ကမ္ဘာထိပ်သီး ပေးသွင်းသူ ငါးဦးစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။ သို့သော် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်အတွေ့အကြုံ ရှိထားသည့် အနောက်နိုင်ငံမှ လက်နက် ထုတ်လုပ်သူများနှင့် မတူဘဲ တရုတ်လက်နက်စနစ် အများအပြားမှာ ပြင်းထန်သော စစ်ပွဲများတွင် လက်တွေ့သက်သေ မပြနိုင်သေးပေ။
လတ်တလော အကဲဖြတ်ချက်များအရ တရုတ်၏ လက်နက်တင်ပို့မှုသည် ဝယ်ယူသူ အကန့်အသတ် ရှိသော အုပ်စုတစ်ခုအတွင်း စုစည်းနေဆဲဖြစ်ပြီး ပါကစ္စတန်သည် ပေကျင်း၏ လက်နက်ရောင်းချမှုတွင် အဓိက ဝယ်ယူသူတစ်ဦး ဖြစ်နေသည်။ ပို၍အရေးကြီးသည်မှာ လက်နက်တင်သွင်းသည့် နိုင်ငံများစွာ၏ အစီရင်ခံစာများတွင် ယုံကြည်စိတ်ချရမှု၊ ပြုပြင်ထိန်းသိမ်းရခက်ခဲမှု၊ အပိုပစ္စည်း ရှားပါးမှုနှင့် အရည်အသွေး ထိန်းချုပ်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။
ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ချက် အမျိုးမျိုးတွင်လည်း တရုတ်နိုင်ငံလုပ် တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများ၊ ရေဒါစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများနှင့် ပတ်သက်၍ ထပ်ခါတလဲလဲ တိုင်ကြားမှုများကို မှတ်တမ်းတင်ထားသည်။ ပါကစ္စတန်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိကနိုင်ငံအချို့အပါအဝင် ဝယ်ယူသူများသည် တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပြဿနာများကို အချိန်နှင့်အမျှ ရင်ဆိုင်ခဲ့ရသည်။
တရုတ်နိုင်ငံသည် J-10၊ J-20 နှင့် ပိုမိုသစ်လွင်သော J-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ခေတ်မီတိုက်လေယာဉ်များတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသည်။ သို့သော် အင်ဂျင်နည်းပညာသည် တရုတ်၏ လေကြောင်းနှင့် အာကာသ စက်မှုလုပ်ငန်း ရင်ဆိုင်နေရသော အခက်ခဲဆုံး အတား အဆီးများထဲမှ တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်နေသည်။
နှစ်ပေါင်းများစွာကြာအောင် တရုတ်တိုက်လေယာဉ် အများအပြားသည် ရုရှားဒီဇိုင်းထုတ် အင်ဂျင် များကို မှီခိုခဲ့ရသည်။ နိုင်ငံအများအပြားသို့ တင်ပို့သည့် JF-17 တိုက်လေယာဉ်သည်လည်း အစဉ်အလာအားဖြင့် ရုရှား RD-93 အင်ဂျင်ကို မှီခိုခဲ့ရပြီး အစောပိုင်း တရုတ်အင်ဂျင်များမှာ ရုရှားအင်ဂျင်များအတွက် အစားထိုးအဖြစ်သာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိပင် တရုတ်ပြည်တွင်းဖြစ် အင်ဂျင်အချို့၏ ရေရှည်ယုံကြည်စိတ်ချရမှုကို လေ့လာသူများက ဆွေးနွေး ငြင်းခုံနေဆဲ ဖြစ်သည်။ ရုရှားအင်ဂျင်နည်းပညာအပေါ် မှီခိုမှုကို လျှော့ချရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းနေရခြင်းသည် အနောက်တိုင်းနိုင်ငံများ နှစ်ပေါင်းများစွာကတည်းက ဖြေရှင်းပြီးဖြစ်သော မဟာဗျူဟာ အားနည်းချက်တစ်ခုကို ပြသနေသည်။
စစ်ဘက်လေကြောင်း ကျွမ်းကျင်သူများက တိုက်လေယာဉ်တစ်စင်း၏ အရည်အသွေး ကောင်းမွန် မှုသည် အင်ဂျင်စွမ်းဆောင်ရည်ပေါ်တွင် အဓိက မူတည်ကြောင်း ထောက်ပြကြသည်။ အမြန်နှုန်း၊ ပျံသန်းနိုင်စွမ်း၊ ဝန်ချိန်သယ်ဆောင်နိုင်မှု၊ ပြုပြင်ထိန်းသိမ်းမှု လည်ပတ်ချိန်နှင့် မစ်ရှင်ထမ်း ဆောင်နိုင်မှု အားလုံးသည် အင်ဂျင်တွန်းကန်အား ယုံကြည်စိတ်ချရမှုနှင့် ဆက်စပ်နေသည်။ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက် များပြားလွန်းခြင်း သို့မဟုတ် အပိုပစ္စည်း ရှားပါးခြင်းတို့ ဖြစ်လာပါက ခေတ်မီလေယာဉ်ကိုယ်ထည်တစ်ခုတည်း ရှိနေရုံဖြင့် ထိရောက်မှု ရှိမည်မဟုတ်ပေ။
ပြည်ပလက်နက်ရောင်းချမှု ဈေးကွက်ကလည်း လက်တွေ့ကျသော စစ်ဆေးချက်တစ်ခုကို ပြသခဲ့သည်။ တရုတ်လက်နက်များကို အနောက်တိုင်းစနစ်များထက် ဈေးသက်သာသော ရွေးချယ်စရာများအဖြစ် မကြာခဏ ဈေးကွက်တင်လေ့ ရှိသော်လည်း ဝယ်ယူစရိတ် သက်သာခြင်းသည် ရေရှည်အသုံးပြုစရိတ် သက်သာခြင်းဟု အမြဲတမ်း မဆိုလိုပေ။ ဝယ်ယူသူ အများအပြားသည် လက်နက်ဝယ်ယူပြီးနောက် နည်းပညာချို့ယွင်းချက်များ၊ ပြုပြင်ထိန်းသိမ်းမှု ဝန်ထုပ်ဝန်ပိုးများနှင့် စနစ်ပေါင်းစပ်ညှိနှိုင်းရသည့် အခက်အခဲများကို ဖြေရှင်းခဲ့ကြရသည်။ စစ်သင်္ဘောစနစ်များ၊ တိုက်လေယာဉ်များနှင့် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများအထိ ချို့ယွင်းချက် အစီရင်ခံစာများ ထွက်ပေါ်ခဲ့ခြင်းကြောင့် အလားအလာရှိသော ဝယ်ယူသူများကြားတွင် သံသယများ ဖြစ်ပေါ်စေခဲ့သည်။
ယုံကြည်စိတ်ချရမှု ပြဿနာသည် နိုင်ငံအများအပြားက ဈေးပိုကြီးသည့်တိုင် အမေရိကန်၊ ဥရောပ သို့မဟုတ် အစ္စရေးလုပ် လက်နက်စနစ်များကို ဘာကြောင့် ဆက်လက်ရွေးချယ်နေကြသလဲ ဆိုသည့် အချက်ကို ရှင်းပြနေသည်။ အမျိုးသားလုံခြုံရေးကို ထိပါးလာနိုင်သည့် အခြေအနေမျိုးတွင် ဈေးသက်သာခြင်းထက် လက်နက်၏ ယုံကြည်စိတ်ချရမှုကိုသာ ပို၍ ဦးစားပေးလေ့ ရှိသည်။
တရုတ်ကာကွယ်ရေးစက်မှုလုပ်ငန်းသည် ထုတ်လုပ်မှုပမာဏ ကြီးမားသည့် အတိုင်းအတာတစ်ခုကို ရရှိထားပြီး ဖြစ်သည်။ သင်္ဘောများ၊ လေယာဉ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို အံ့ဖွယ်အမြန်နှုန်းဖြင့် ထုတ်လုပ်နိုင်စွမ်းလည်း ရှိသည်။ သို့သော် စက်မှုထုတ်လုပ်မှု ပမာဏတစ်ခုတည်းက တိုက်ခိုက်ရေး ထိရောက်မှုကို အလိုအလျောက် ဖန်တီးမပေးနိုင်ပေ။ စစ်ရေးအင်အားသည် လေ့ကျင့်ရေး၊ ထောက်ပံ့ ပို့ဆောင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး ကွန်ရက်များ၊ တိုက်ပွဲအတွေ့အကြုံနှင့် ဖိအားများအောက်တွင် နည်းပညာ ယုံကြည်စိတ်ချရမှုတို့အပေါ် မူတည်သည်။
စစ်ပွဲများသည် ဟာ့ဒ်ဝဲလက်နက်ပစ္စည်းများ အများအပြား ပိုင်ဆိုင်ရုံဖြင့် အနိုင်ရလေ့မရှိကြောင်း သမိုင်းက ပြသနေသည်။ တသမတ်တည်း ကောင်းမွန်စွာ အလုပ်လုပ်သည့် ပစ္စည်းကိရိယာများ၊ ပဋိပက္ခကာလအတွင်း ခံနိုင်ရည်ရှိသည့် ထောက်ပံ့ရေးလမ်းကြောင်းများနှင့် ဖိအားအောက်တွင် လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည့် လူအင်အားတို့ဖြင့်သာ အောင်ပွဲခံနိုင်ကြသည်။
တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေတ်မီဆန်းသစ်လာမှုနှင့် စွမ်းရည်များကို လျှော့တွက်ခြင်းမှာ မှားယွင်းလိမ့်မည် ဖြစ်သည်။ ပေကျင်းသည် စစ်ရေးအသွင်ပြောင်းမှုအတွက် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားပြီး နယ်ပယ်ပေါင်းစုံတွင် နည်းပညာကွာဟချက်ကို ဆက်လက်လျှော့ချနေသည်။ သို့သော် ဝါဒဖြန့်ဗီဒီယိုများတွင် ပါဝင်သည့် လက်နက်တိုင်းက ကြော်ငြာထားသည့်အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်မည်ဟု ယူဆခြင်းသည်လည်း အလားတူ မှားယွင်းလိမ့်မည် ဖြစ်သည်။
တရုတ်၏ စစ်ရေးတင်ပို့မှုများအပေါ် စိစစ်မှုများ ကြီးထွားလာခြင်းက ဝယ်ယူသူများ ပိုမိုသတိထား လာကြောင်း ပြသနေသည်။ စစ်ဘက်ဝယ်ယူသူများသည် လက်နက်၏ ရုပ်ထွက် သို့မဟုတ် ဈေးနှုန်း တစ်ခုတည်းကိုသာ ကြည့်တော့မည် မဟုတ်ပေ။ လက်တွေ့အသုံးပြုမှု မှတ်တမ်းများ၊ ယုံကြည် စိတ်ချရမှု အချက်အလက်များ၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များနှင့် ရေရှည်ပံ့ပိုးမှု ကတိကဝတ် များကိုပါ စစ်ဆေးလာကြသည်။
အဓိကပြဿနာမှာ တရုတ်နိုင်ငံက ခေတ်မီပုံပေါက်သည့် လက်နက်များကို ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိ မဟုတ်ဘဲ ထုတ်လုပ်နိုင်သည်ကို မြင့်တွေ့ရပြီး ဖြစ်သည်။ ပြဿနာမှာ အသက်အန္တရာယ်၊ စစ်ဆင်ရေး မစ်ရှင်များနှင့် အမျိုးသားလုံခြုံရေးတို့ မှီခိုနေရချိန်တွင် အဆိုပါလက်နက်များက တသမတ်တည်း ကောင်းမွန်စွာ စွမ်းဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ ဟူသော အချက်ပင် ဖြစ်သည်။
ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ဂုဏ်သိက္ခာသည်လည်း ထုတ်လုပ်နိုင်စွမ်းကဲ့သို့ပင် အရေး ပါလာသည်။ စစ်မြေပြင်တွင် ကျရှုံးမှုတစ်ခုတည်းက နှစ်ပေါင်းများစွာ ရှိခဲ့သည့် ဈေးကွက်ရှာဖွေခဲ့မှုကို ပျက်ပြယ်စေနိုင်သည်။ ချို့ယွင်းသွားသည့် ဒုံးကျည်တစ်စင်း၊ မြေပြင်တွင် ရပ်နားထားရသည့် တိုက်လေယာဉ်တစ်စင်း သို့မဟုတ် စွမ်းဆောင်ရည်ညံ့သည့် လေကြောင်းရန်ကာကွယ်ရေးစနစ် တစ်ခုသည် မည်သည့်ဝါဒဖြန့်မှုဖြင့်မျှ ပြန်လည်ပြုပြင်၍ မရနိုင်လောက်အောင် ယုံကြည်မှုကို ပျက်စီးစေနိုင်သည်။
နောက်ဆုံးတွင် စစ်ရေးအင်အားကို ရုပ်ရှင်ဆန်သော ဗီဒီယိုများ သို့မဟုတ် အမျိုးသားရေး ကြွေးကြော်သံများဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ လက်တွေ့သက်သေပြနိုင်သည့် စွမ်းဆောင်ရည်ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။ ထို့ကြောင့် တရုတ်လက်နက်စနစ် အများအပြားက လက်တွေ့ကမ္ဘာတွင် ရေရှည်အောင်မြင်မှုကို မပြသနိုင်သေးသမျှ ပေကျင်း၏ ဝါဒဖြန့်မှုနှင့် လက်တွေ့အဖြစ်မှန်ကြား ကွာဟချက်အပေါ် သံသယများ ဆက်လက်ရှိနေမည် ဖြစ်သည်။
(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။ ယခု ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏အာဘော််သာဖြစ်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာန၏အာဘော် မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ တင်ပြအပ်ပါသည်။)