ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

အီရန်စစ်ပွဲ အဆုံးသတ်ဖို့အတွက် အမေရိကန်အနေနဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ အကူအညီကို မလိုအပ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ မတိုင်ခင် Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်နယ်ထရမ့်က အခုလို ပြောတာပါ။

အမေရိကန်တပ်ဖွဲ့တွေက အီရန်ရေတပ်၊ လေတပ်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်သလို အီရန်ရဲ့ ဒုံးကျည်အင်အားကလည်း ၁၂ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်ဟာ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို တရုတ်နဲ့ ရုရှားတို့ကလည်း စစ်သင်္ဘောတွေ စေလွှတ်တာမျိုး မလုပ်ဘဲ အမေရိကန်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

အီရန်က သဘောတူညီချက် ရယူဖို့ ဆန္ဒရှိနေပေမယ့် ဝါရှင်တန်အနေနဲ့ ရေရှည်တည်တံ့မယ့် သဘောတူညီချက်မျိုးကိုသာ လိုချင်ပြီး မကြာခင်မှာ ဒီစစ်ပွဲကို တစ်နည်းနည်းနဲ့ အပြီးသတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

တရုတ်နဲ့ ရုရှား ခေါင်းဆောင်နှစ်ဦးကို အတူတကွ တွေ့ဆုံရတာဟာ အားသာချက်တစ်ခု ဖြစ်တယ်လို့ ဆိုခဲ့ပြီး သမ္မတဟောင်း အိုဘားမား လက်ထက်က စွမ်းအင်ကိစ္စတွေကြောင့် ဒီနှစ်နိုင်ငံ ပိုမိုနီးကပ်သွားခဲ့တာလို့ ၎င်းက ဝေဖန်ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာ အီရန်က ညစ်ညမ်းဗုံး ဖောက်ခွဲဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အီရန်ဟာ ဓာတုနဲ့ ဇီဝလက်နက်တွေကို စိတ်ဝင်စားနေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်လို့ သူက သတိပေးပါတယ်။

အကယ်၍ အဲဒီလို တိုက်ခိုက်မှုမျိုး တကယ်ဖြစ်လာခဲ့မယ်ဆိုရင် အီရန်ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ရာကနေ စစ်ပွဲဖြစ်ပွားခဲ့ပြီး အီရန်က အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသရှိ အမေရိကန် စစ်ဘက်စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လအတွင်း နှစ်ဖက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကိစ္စ သဘောထားကွဲလွဲမှုတွေကြောင့် ဇူလိုင်လကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေကာ လူထောင်ပေါင်းများစွာ သေဆုံးပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

News: Anadolu Agency
Ref; Trump says US doesn’t need help from China, Russia to end Iran war