ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေအတွက် အလုပ်အကိုင် သင်တန်းတွေနဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ ဂျပန်အစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့ဟာ သဘောတူညီချက်ကို အင်္ဂါနေ့က ဘန်ကောက်မြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ ဂျပန်အစိုးရအနေနဲ့ ILO ကို အမေရိကန်ဒေါ်လာ ၃ သန်းခန့် ထောက်ပံ့ပေးမှာဖြစ်ပြီး အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ အလုပ်အကိုင် ချိတ်ဆက်ပေးရေး အစီအစဉ်တွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုတာကာမာဆာတိုက ဒီအစီအစဉ်ဟာ ထိုင်းပြည်သူတွေ၊ ထိုင်းအခြေစိုက် ဂျပန်ကုမ္ပဏီတွေ၊ မြန်မာပြည်သူတွေနဲ့ ထိုင်းအစိုးရ အပါအဝင် အားလုံးအတွက် အကျိုးရှိစေမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ပြည်ထောင်စုက အကူအညီတွေ ရပ်ဆိုင်းလိုက်ချိန်ကစပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေကြရပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကုန်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေ အပါအဝင် လုပ်ငန်းနယ်ပယ် အများအပြားမှာ လုပ်သားရှားပါးမှု ပြဿနာကို ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပါတယ်။
အခု အကောင်အထည်ဖော်မယ့် စီမံကိန်းကနေတစ်ဆင့် မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေကပါ တရားဝင် အလုပ်ခန့်အပ်ဖို့ မျှော်မှန်းထားပါတယ်။
ဒုက္ခသည်တွေ အလုပ်အကိုင် ရရှိရေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စရပ်တွေနဲ့ လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေရေး ကူညီပေးမှုတွေကို စီမံကိန်းထဲမှာ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာတဲ့ ကာလမှာ အခုလို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတာဟာ ဒုက္ခသည်စခန်းထဲက မြန်မာနိုင်ငံသားတွေအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ။
အခုစီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ လုပ်သားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်သလို မြန်မာဒုက္ခသည် မိသားစုတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
News: NHK World
Ref; Japan to fund job support for Thailand’s Myanmar refugees