‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၉ ရက်
‎
‎ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာ (၁) ရပ်ကွက်အတွင်းသို့ စစ်တပ်က ဂျက်တိုက် လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံညီအစ်မနှစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိပြီး ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အာရက္ခ တပ်တော် (AA) ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။
‎
‎ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်နှင့် ၅ နာရီ ၂၅ မိနစ်တို့တွင် စစ်တပ်၏ ဂျက်တိုက် လေယာဉ်တစ်စီးက လင်းသာ (၁) ရပ်ကွက်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
‎
‎ပထမအကြိမ် တိုက်ခိုက်မှုတွင် လင်းသာကမ်းခြေဘက်သို့ ဗုံးကြဲချခဲ့ပြီး ဒုတိယအကြိမ်တွင် ရပ်ကွက် အတွင်းရှိ မင်္ဂလသုခဘုန်းကြီးကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‎
‎ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း လင်းသာ (၁) ရပ်ကွက်နေ အသက် (၂၅ )နှစ်အရွယ် မအေးအေး စိုးနှင့် အသက် (၁၄) နှစ်အရွယ် မအေးအေးသန်းတို့ ညီအစ်မနှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ ရသည်။ မအေးအေးစိုးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး မအေးအေးသန်းမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
‎
‎ထို့အပြင် အဆိုပါရပ်ကွက်မှ နောက်ထပ် ကလေးငယ်တစ်ဦးမှာလည်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည့် အပြင် မင်္ဂလသုခဘုန်းကြီးကျောင်းဆောင်နှင့် ခြံစည်းရိုးအုတ်နံရံများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
‎
‎သံတွဲမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်ကလည်း သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ယခင် GTI ကျောင်းဝန်းကျင်ကို စစ်တပ်က ဂျက်တိုက် လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ထိုဖြစ်စဉ်ကြောင့်လည်း အနီး ဝန်းကျင်ရှိ ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
‎
ဓာတ်ပုံ-AA Info Desk