ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ဒီဇင်ဘာလမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ နေရပ်ပြန်လာဖို့ စီစဉ်နေချိန် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသတချို့မှာ လုပ်ငန်းတွေ ပိတ်သိမ်းထားရပြီး ယာယီအစိုးရခေါင်းဆောင်ဟောင်း မိုဟာမက်ယူနွတ်စ်ရဲ့ ဘိုးဘွားပိုင် နေအိမ်လည်း မီးရှို့ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာခွင့်ရဖို့ နိုင်ငံကူးလက်မှတ်အသစ်နဲ့ မှတ်ပုံတင်ကတ် လျှောက်ထားတာကို အစိုးရက ပယ်ချခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီက ကြာသပတေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြဖို့ နှိုးဆော်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ အာဏာရပါတီဝင် နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အကြမ်းဖက်မှုတွေကို တားဆီးဖို့ ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူ အများအပြားရှိတဲ့ ခရိုင် ၇ ခုမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တပ်ချထားပါတယ်။

မြို့တော် ဒါကာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ လောက်အကွာ စစ်တကောင်းမြို့မှာ ရှိတဲ့ မိုဟာမက်ယူနွတ်စ်ရဲ့ ဘိုးဘွားပိုင် နေအိမ်ဟာ ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းမှာ မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

မြေညီထပ်က လူမနေတဲ့ အခန်းထဲကို မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ပစ်သွင်းခဲ့တာ ဖြစ်နိုင်ပေမဲ့ အပေါ်ထပ်တွေမှာ နေထိုင်တဲ့ ယူနွတ်စ်ရဲ့ ဆွေမျိုးသားချင်းတွေကတော့ ဘေးကင်းလုံခြုံတယ်လို့ ဒေသခံ ရဲစခန်းမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်တာ ဆန္ဒပြပွဲတွေအတွင်း ခရိုင်ပေါင်း ၂၈ ခုမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုတွေနဲ့ မော်တော်ယာဉ် မီးရှို့ခံရမှုတွေ ဒါဇင်နဲ့ချီ ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတချို့နဲ့ အရပ်သားတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ယူနွတ်စ် တည်ထောင်ခဲ့တဲ့ Grameen Bank ရဲ့ ဘဏ်ခွဲနဲ့ ရုံးခန်းပေါင်း အနည်းဆုံး ၃၇ ခုဟာ မီးရှို့တိုက်ခိုက်ခံရတာ ဒါမှမဟုတ် မီးရှို့ဖို့ ကြံစည်ခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ကျောင်းသားတွေဦးဆောင်တဲ့ အုံကြွမှုကို အင်အားသုံး နှိမ်နင်းဖို့ အမိန့်ပေးခဲ့မှုနဲ့ ဟာဆီနာကို ပြည်တွင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တာ အင်္ဂါနေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီး လက်ရှိမှာ သူဟာ အိန္ဒိယနိုင်ငံမှာ တိမ်းရှောင်နေပါတယ်။

၂၀၂၄ ဆန္ဒပြပွဲအတွင်း လူသတ်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ပညာရေးဝန်ကြီးဟောင်း နူရူလ် အစ္စလာမ်နာဟစ်ကို အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ဒါကာမြို့ရှိ သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးလိုက်ပါတယ်။

ပြည်ပရောက် အဝါမီလိဂ် ခေါင်းဆောင်တွေဟာ မတည်မငြိမ်ဖြစ်အောင်နဲ့ အဆောက်အအုံတွေ မီးရှို့ဖို့ လှုံ့ဆော်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စွပ်စွဲလိုက်ပြီး အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

News: Reuters
Ref; Parts of Bangladesh shut down in protests by Hasina’s party, Yunus’ home set ablaze