ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာ ၁၉ ရက်

ကရင်နီဒေသတစ်နေရာတွင် သေဆုံးခဲ့သည့် ကဗျာဆရာမင်းဘုန်းနိုင်(ခေါ်)Plug X သေဆုံးခဲ့မှုအပေါ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) နှင့် ကရင်နီပြည်ရဲဌာန(KSP) တို့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

CDMတစ်ဦးလည်းဖြစ်သည့် ကဗျာဆရာမင်းဘုန်းနိုင်သည် ကရင်နီပြည်ရဲဌာန(KSP) ထံတွင်ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ၎င်းသေဆုံးခဲ့ရသည့်ဖြစ်စဉ်ကို စုံစမ်းပေးရန် ၎င်းနှင့်ခင်မင်သူများအပါဝင် ကဗျာဆရာများကလည်း ရေးသား တောင်းဆိုနေကြသည်။

“ကျွန်တော်တို့ KSP က အဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်ဗျ” ဟု KSP၏ ဒုရဲချုပ်ဘိုဘိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်ကြားကာလအုပ်ရေးကောင်စီ(IEC) ကလည်း အဆိုပါ ဖြစ်စဥ်ကို အသေးစိတ်စုံစမ်းနေကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အခုတော့ အသတ်ခံ လိုက်ရပြီ။ သူတာဝန်ယူထားတဲ့ ငွေကြေးပြသာနာတွေက သပ်သပ်၊ ဒီလူသတ်မှုက သပ်သပ်ပါ။ စိတ်ကျန်းမာရေးမကောင်းတဲ့ ကဗျာဆရာ တစ်ယောက်ကို သတ်ပစ်ခဲ့ကြပါတယ်။ ရက်စက်လွန်းပါတယ်။ ကျနော့်ဆီမှာ သူအသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြားသိထားတဲ့ သတင်းတချို့လည်း ရှိနေပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ် လို့ ငါမယုံကြည်ရဲဘူး ညီလေးရေ” ဟု ကဗျာဆရာဝေမှူးသွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မင်းဘုန်းနိုင်သည် မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ CDM ပြုလုပ်ခဲ့သည့် အရာရှိတစ်ဦးဖြစ်ပြီး “စစ်ကားတွေမြို့ထဲကိုဝင်လာပြီးကတည်းက” ဟူသည့် စာအုပ်သည် ၎င်း၏လူသိများသည့်လက်ရာတစ်ခုဖြစ်သည်။