ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

 

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်မည့် ရိုဟင်ဂျာအရေး စီရင်ချက်သည် စစ်တပ်ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် တရားမျှတမှု ရှာဖွေရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) မှ ကျွမ်းကျင်သူများက ပြောကြားသည်။

 

ICJ ၏ ဆုံးဖြတ်ချက် မချမီ နိုဝင်ဘာ ၁၇ ရက်နေ့က သတင်းထောက်များနှင့် HRW တို့တွေ့ဆုံစဉ် HRW ၏ အာရှဒုတိယညွှန်ကြားရေးမှူး ဘရိုင်ယွန်နီ လောင်နှင့် နိုင်ငံတကာ တရားမျှတရေး အစီအစဉ်၏ အကြီးတန်းအကြံပေး မာရီယာ အယ်လီနာ ဗီဂနိုလီ တို့က အထက်ပါအတိုင်း သုံးသပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“ဒီအမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲဆိုတာ မဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်အဆင့် တာဝန်ရှိမှု (State Responsibility) ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ICJ ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး ဖြစ်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားဝင် စည်းနှောင်မှု ရှိသလို နိုင်ငံတကာဥပဒေမှာလည်း အလွန်ဩဇာသက်ရောက်မှု ရှိပါတယ်” ဟု မာရီယာ အယ်လီနာ က ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် စစ်တပ်၏နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဉ်အပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းစေမှု တားဆီးရေး ကွန်ဗင်းရှင်း (Genocide Convention) ဖြင့် ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

“အိုင်စီဂျေ ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး ဖြစ်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတကာဥပဒေမှာ အလွန်ဩဇာသက်ရောက်မှု ရှိပါတယ်။ တခြားတရားရုံးတွေအနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာစရာ မလိုပေမယ့်၊ ICC နဲ့ ပြည်တွင်းတရားရုံးတွေက အမှုစစ်ဆေးတဲ့အခါ ICJ ရဲ့ သုံးသပ်ချက်တွေကို အလေးအနက်ထား ကိုးကားကြမှာ ဖြစ်ပါတယ်။ တကယ်လို့ ICJ က သက်သေအထောက်အထားတွေအရ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တောင် ဒါဟာ စစ်တပ်မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်တာ လုံးဝ မဟုတ်ပါဘူး။ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် ICC နဲ့ အခြားနိုင်ငံတွေရဲ့ တရားရုံးတွေမှာ တစ်ဦးချင်းစီကို ဆက်လက် တရားစွဲဆို အရေးယူနိုင်တဲ့ လမ်းကြောင်းတွေ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးကို ICC သို့ လွှဲပြောင်းပေးမယ်ဆိုရင် အာဏာသိမ်းမှု မတိုင်ခင်နဲ့ နောက်ပိုင်း ကျူးလွန်မှုအားလုံးကို စုံစမ်းစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်” ဟု HRW တာဝန်ရှိသူများက မှတ်ချက်ပြုသည်။

 

ဂမ်ဘီယာနိုင်ငံဘက်မှ တောင်းဆိုထားသည့် နစ်နာကြေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများတွင် ရိုဟင်ဂျာများအား နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးအပ်ရန်၊ မူလနေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်ခွင့်ပြုရန်၊ ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ရန်နှင့် ကျူးလွန်သူများကို အရေးယူရန်တို့ ပါဝင်သည်။

 

သို့သော် လက်ရှိ ရခိုင်ပြည်နယ် နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ရေးပဋိပက္ခများ ပြင်းထန်နေခြင်းကြောင့် တရားရုံး၏ အမိန့်များကို မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော်ရန် ရှုပ်ထွေးမှုများ ရှိနေသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ဘရိုင်ယွန်နီ လောင် က တရားရုံး၏ ဆုံးဖြတ်ချက်သည် လက်ရှိ စစ်တပ်ကိုသာမက နောင်တက်လာမည့် မည်သည့်အစိုးရအပေါ်တွင်မဆို နိုင်ငံတော်အဆင့် တာဝန်ရှိမှုအဖြစ် ဆက်လက် စည်းနှောင်နေမည် ဖြစ်ကြောင်း ထောက်ပြသည်။

 

ကြာသပတေးနေ့တွင် ချမှတ်မည့် ICJ ၏ စီရင်ချက်သည် အယူခံဝင်ခွင့် မရှိသည့် အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်ပြီး၊ စီရင်ချက် ထွက်ပေါ်ပြီးသည်နှင့် တစ်ပြိုင်နက် HRW သတင်းထုတ်ပြန်မည်ဟုသိရသည်။