ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန် – ကလေး လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် အရက်မူးရမ်း ကားနေသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များက ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများထံမှ ဘီယာဖိုးဟု အကြောင်းပြကာ ကျပ် ၁ သိန်းအထိ ငွေကြေးအဓမ္မ တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ယခင်က ငွေကြေးအဓမ္မ တောင်းခံမှုများ မရှိခဲ့သော်လည်း ယခုရက် ပိုင်းအတွင်း အိမ်စီးကားနှင့် ကုန်တင်ယာဉ်များအပြင် ဆိုင်ကယ်စီးနင်းလာသူများနှင့် ကလေးငယ်များ ပင်မချန်ဘဲ ခရီးသည်များထံမှ ငွေကြေးအတင်းအကျပ် တောင်းခံမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
“ကားသမားတွေဆီကဆိုရင် ကျပ် ၅၀,၀၀၀ ကနေ ၁ သိန်းအထိ တောင်းခံလေ့ရှိတယ်။ ခရီးသည်တွေ ဆီကဆိုရင် ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ထိ တောင်းတတ်ကြတယ်။ ခရီးသည်တွေ ပိုက်ဆံမပါဘူး ဆိုလည်း မရဘူး။ ကလေးပါမချန် အကုန်တောင်းပါတယ်” ဟု တီးတိန် – ကလေး လမ်းပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ငွေကြေးတောင်းခံရာတွင် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များက “ဘီယာဖိုး” ဟု အကြောင်းပြ တောင်းခံနေခြင်းဖြစ်ပြီး အထူးသဖြင့် ကနေဒီတောင်အောက်ရှိ စစ်ဆေးရေးဂိတ်မှာ ငွေကြေးတောင်း ခံမှု ပိုမိုဆိုးရွားကြောင်း ဒေသခံများက ဆိုသည်။
“ဂိတ်မှာ စစ်ဆေးစရာရှိတာ စစ်ဆေးတယ်။ အဲဒီစစ်ဆေးတဲ့သူတွေကလည်း အရက်တွေ မူးရူးနေကြ တယ်။ ပြီးရင် ပိုက်ဆံတောင်းတယ်။ ကနေဒီတောင်အောက်က စစ်ဆေးရေးဂိတ်က ငွေတောင်းတာ ပိုကြမ်းတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှ ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များသည် အရက်သေစာ သောက်စားမူးယစ်ပြီး ကျေးရွာအတွင်းသို့ အော်ဟစ်လှည့်လည်သွားလာနေသည့်အတွက် အနီးဝန်းကျင် ရှိ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။