အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ နိုဝင်ဘာလ ၁၇ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လို့ ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KUN တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ဖို့အတွက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် ဒေသခံတွေကျေးရွာကို စွန့်ပြီး တိမ်းရှောင် ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာကို စစ်ကြောင်းထိုးပြီး ဖျက်စီးဖို့ဝင်လာတဲ့ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းက ပြန်တိုက်ခိုက် နေတယ် စစ်ကောင်စီဘက်က အဝေးကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့ ကလေးတွေရော သက်ကြီးရွယ်အိုတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လေးကေ့ကော်မြို့သစ်နားက ကျေးရွာတွေကဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာပါ စိတ်မချရတာကြောင့် တောထဲမှာ ဖြစ်သလိုနေနေရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ပြီး တောထဲမှာဖြစ်သလိုနေနေရတဲ့အထဲမှာ ကလေးငယ်တွေရော သက်ကြီးရွယ်အို တွေပါ ပါဝင်နေပြီး အခြေခံစားသုံးကုန်တွေလိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times