ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်အတွင်းသို့မြန်မာဘက်ခြမ်းရှိ တိုက်ပွဲများမှ လက်နက်ကြီး၊ လက်နက် ငယ်ကျည်များ ကျရောက်မှုကြောင့် နေအိမ်များပျက်စီးကာ ဒေသခံ ထိခိုက်ဒဏ်ရာ ရရှိမှု များအပေါ် ထိုင်းအစိုးရအနေဖြင့် ကာကွယ်မှုများပေးရန် ဒေသခံများက ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာနယ်စပ်နှင့် ကပ်လျက်တည်ရှိသည့် မယ့်ကိုကင်းရွာနှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံ ၂၀၀ ကျော်မှာ မြန်မာဘက်ခြမ်းမှ ကျရောက်လာသည့် ကျည်ဆန်များနှင့် ပေါက်ကွဲစေတတ်သော လက်နက်ကြီးများကြောင့် ထိခိုက်မှုများကို ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် ဆန္ဒပြသူများက ထိုင်းအစိုးရအနေဖြင့် ထိခိုက်သူများကို လျော်ကြေးငွေပေးရန်၊ ရပ်ရွာများကို နောက် ထပ်ထိခိုက်မှုများ မဖြစ်စေရန်ကာကွယ်ရန်၊ ရေရှည်စစ်ရှောင်ရန်နေရာများပြင်ဆင်ပေးရန်၊ တိုက်ပွဲများဖြစ်ပွားပါက သတိပေးသည့်စနစ်များ တပ်ဆင်ရန်၊ ထိုင်းပိုင်နက်သို့ စစ်ပွဲများကူးစက် မလာစေရန် နှင့် နယ်စပ်ရှိထိုင်းစစ်အင်အားများကို ကန့်သတ်ရန် စသည့်အချက်များကို တောင်းဆိုခဲ့ ကြောင်းသိရသည်။
သို့သော်နယ်စပ်ရှိ ထိုင်းတပ်ဖွဲ့များကမူ မြန်မာဘက်မှပစ်ခတ်လိုက်သည့် ကျည်ဆန်များထိုင်းဘက်သို့ ကျရောက်လာပါက ပစ်ခတ်မှုစတင်ရာလမ်းကြောင်းကို ပထမဦးစွာ မီးခိုးဗုံးများဖြင့် သတိပေးပစ်ခတ် မည်ဖြစ်ပြီး ထိုင်းလူမျိုးများ၏အသက်အိုးအိမ်စည်းစိမ်များကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်ပါက ပစ်ခတ်သူများအပေါ် တန်ပြန်အစီအမံများလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာဘက်ခြမ်းတိုက်ပွဲများအတွင်း ကျည်ဆံများ ထိုင်းဘက်ရှိကျေးရွာများအပေါ် ကျရောက်လာမှု များနှင့်ပတ်သတ်ပြီး နရဲစွမ်းတပ်ဖွဲ့က ၎င်းတို့ကိုင်တွယ်ဖြေရှင်းမည့် အစီအမံများကို ပြီးခဲ့သည့် ရက်ပိုင်းက ချမှတ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ ဆန္ဒပြသူများစုပေါင်းတောင်းဆိုသည့် တောင်းဆိုလွှာကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး ဒေသတွင်းလုံခြုံရေး အာဏာပိုင်များက အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ၎င်းတောင်းဆိုလွှာကို သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား – Khaosod English