ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သုံ့ပန်း ၁၇ ဦးခန့်ကို ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တစ်ဦးကို တော်လှန်ရေး ပူးပေါင်းတပ်များက စစ်သုံ့ပန်း ၁၀ ဦးနှင့်အတူ ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။
ပေါက်နှင့် ဆောမြို့နယ်ကြား တစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်များနှင့် ဒေသအခြေစိုက် တပ်ဖွဲ့များ ပူးပေါင်းချိတ်ဆက်၍ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရေးများ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ပါဝင်သည့် PDF ရဲဘော်တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်များက ဆက်လက် စစ်ဆေးနေပြီး ကျန်ရှိနေသေးသော စစ်သုံ့ပန်း ခုနစ် ဦးမှာမူ လက်ရှိအချိန်အထိ လွတ် မြောက်နေဆဲ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ယခုကဲ့သို့ ထွက်ပြေးခဲ့သည့် စစ်သုံ့ပန်းများသည် ပြီးခဲ့သည့် ဇွန်လအတွင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းသိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် ရွေးတုအစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
သုံ့ပန်းများကို ခေါ်ထုတ်သွားသည့် PDF ရဲဘော်မှာ မကွေးတိုင်းအခြေစိုက် ဆေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သုံ့ပန်းများကို စောင့်ကြပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံး ဦးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးကာ လက်နက်အချို့ကိုပါ ယူဆောင်သွားခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သို့သော် ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင် သုံး ဦးကိုမူ လမ်းခုလတ်တွင် လက်များကို ကြိုးတုပ်လျက်သားဖြင့် ပြန်လည်တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်အခြေစိုက် တပ်ဖွဲ့အချို့ထံ ဧရာဝတီတိုင်းမ်က ဆက်သွယ် မေးမြန်းထားသော်လည်း ဖြေဆိုခြင်း မရှိသေးဘဲ တော်လှန်ရေး ပူးပေါင်းတပ်များဘက်ကလည်း ယနေ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းအထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
ပုံစာ-မြစ်ခြေရဲစခန်းကို သိမ်းပိုက်ခဲ့စဉ် မြင်ကွင်း။ (ပုံဟောင်း)