ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၇ရက်

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရွေးတုအစိုးရ စစ်တပ်၏ တပ်မ (၃၃) လက်အောက်ခံ နည်းဗျူဟာ နှစ်ခုစလုံး ဖွဲ့စည်းပုံ ပျက်စီးသည်အထိ အပြင်း အထန် အထိနာခဲ့ပြီး ဗျူဟာမှူးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါး လက်နက်ချခြင်းနှင့် အစုလိုက် ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

အင်းတော်မြို့နယ် နန့်သဲ၊ မဲဇာနှင့် ကျောင်းကုန်းကျေးရွာများအနီး တိုက်ပွဲတွင် တပ်မ (၃၃) ဒုတိယတပ်မမှူး ဗိုလ်မှူးကျော်မင်းထွန်း ဦးစီးသည့် နည်းဗျူဟာ (၃၃၁) နှင့် (၃၃၂) တို့ ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုက်ပွဲအတွင်း နည်းဗျူဟာ (၃၃၂) ၏ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူး ကျော်ဆန်းဝင်းမှာ အောက်တိုဘာ ၂၅ ရက်မှစတင်ကာ ၄၈ နာရီကျော် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ အဖမ်းဆီးခံထားရကြောသင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဒီနေ့အထိ အလုပ်လုပ်နေတာ ဒုဗိုလ်မှူးကြီးမျိုးသိန်းပဲ။ ယာယီနည်းဗျူဟာမှူးနဲ့ အဆက်အသွယ် ပြတ်တာ ၄၈ နာရီကျော်ပြီ။ နည်းဗျူဟာ ၃၃၂ ကို နမခ နဲ့ တပ်မ ၃၃ အဆက်အသွယ်ပြတ်လို့ လိုက်ရှာ နေတယ်။ ပျောက်ဆုံးစာရင်းသွင်းပြီး ရှာနေတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ် ကို အတည်ပြုပြောကြားသည်။

 

မြေပြင် စစ်ရေးသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ မဲဇာရွာကြီးအောက်ဘက် ကျောင်းကုန်းရွာအနီး ကြားဖြတ်တိုက်ခိုက်ခံရအပြီးတွင် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းဘက်မှ ဗျူဟာမှူးအဆင့်ရှိသူ အပါအဝင် အင်အား ၁၀၀ ဝန်းကျင်အထိ လက်နက်ချခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းတစ်ခုမှာ မဲဇာကို ဖြတ်၍ ဝန်းသိုမြို့နယ်ဘက်သို့ ထိုးစစ်ဆင်စဉ် ကံကုန်းရွာ၌ ပိတ်မိကာ သေဆုံးမှုများခဲ့ပြီး အဆိုပါ စစ်ကြောင်းကို ထွက်ကြိုသည့် ဝန်းသိုဘက်မှ အခြားစစ် ကြောင်းမှာလည်း “ဂျိုးတောင်ရွာမ” ၌ ပိတ်မိ၍ အထိနာခဲ့ကြောင်း သိရသည်။ နောက်ထပ် စစ်ကြောင်းတစ်ခုမှာလည်း ထီးချိုင့်ဘက်သို့ ထိုးစစ်ဆင်စဉ် ပိန်းအင်းကျေးရွာ၌ ခြေမှုန်းခံရသဖြင့် စစ်ကြောင်းပျက်ကာ လယ်ပြင်ရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

 

လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၃၃) လက်အောက်ခံ နည်းဗျူဟာ-၃၃၁ နှင့် ၃၃၂ တို့မှာ အစုလိုက်ဖမ်းဆီးခံရခြင်း၊ သေဆုံး/ဒဏ်ရာရခြင်းတို့ကြောင့် စစ်ကြောင်းနှင့် ဖွဲ့စည်းပုံများ ပျက်စီးသွားခဲ့ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

 

ပုံစာ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)