ဆောင်ပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၇ ရက်)
ဟောင်ကောင်သည် တစ်ချိန်က လွတ်လပ်သော ဈေးကွက်၊ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး စွန့်ဦး တီထွင်လိုမှုများ စုဆုံရာနေရာ ဖြစ်ခဲ့ပြီး အာရှ၏ အောင်မြင်မှုစံပြ မြို့ပြကြီးအဖြစ် တန်းညှိခံခဲ့ရသည်။ “အရှေ့ဖျား၏ ပုလဲစေ့” ဟု အမည်ကျော်ကြားခဲ့သော ဟောင်ကောင်သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် အရှေ့ကမ္ဘာနှင့် အနောက်ကမ္ဘာကို ပေါင်းကူးပေးရာ ကမ္ဘာ့ဩဇာ အရှိဆုံး ဗဟိုချက်များထဲမှ တစ်ခုဖြစ်ခဲ့သည်။
နည်းပါးလှသော အခွန်နှုန်းထားများ၊ ယုံကြည်စိတ်ချရသော တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဆိုင်ရာ လွတ်လပ် ခွင့်နှင့် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် ပတ်ဝန်းကျင်တို့ကြောင့် တိုက်ကြီးငါးတိုက်မှ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ၊ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ လူသန်းပေါင်းများစွာအတွက်မူ ဟောင်ကောင်သည် မြို့တစ်မြို့ ထက်မကဘဲ အခွင့်အလမ်း၊ ကြွယ်ဝမှုနှင့် ကြိုးစားအားထုတ်ပါက ထွန်းလင်းတောက်ပပြီး အောင်မြင်မှု များစွာရနိုင်သည်ဆိုသော သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ဟောင်ကောင်မြို့တွင်းလမ်းမများပေါ် လျောက်လှမ်းကြည့်ရုံမျှဖြင့် စီးပွားရေး ကျဆင်းနေသည့် လက္ခ ဏာများကို မြင်တွေ့ရမည်ဖြစ်သည်။ လူမရှိဘဲ လစ်ဟာနေသော ဆိုင်ခန်းများ၊ တစ်ချိန်က ဈေးကွက်တွင် နာမည်ကြီးခဲ့သော နေရာကျယ်ကြီးများတွင် ငှားရန်ရှိသည်ဟု ချိတ်ဆွဲ ထားသည့် စာတမ်းများ၊ ရုန်းကန်နေရသည့် စားသောက်ဆိုင်များ၊ ကျဆင်းလာသော အိမ်ခြံမြေ တန်ဖိုးများနှင့် ကြီးထွားလာသည့် လူမှုရေး အကျပ်အတည်းများသည် ယခုအခါ မြို့တော်၏ သာမန် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
ဟောင်ကောင်သည် အရေးပါသော ဘဏ္ဍာရေးဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း ယခင်ကဲ့သို့ တက်ကြွလှုပ်ရှားပြီး အခွင့်အလမ်း ပေါများသည့် မြို့ပြကြီး မဟုတ်တော့ကြောင်း ဒေသခံအများစုက ယူဆလာကြသည်။
ထိုသို့ဖြစ်ပေါ်နေခြင်းမှာ စီးပွားရေး ရိုက်ခတ်မှုများ၊ အိမ်ခြံမြေဈေးကွက် ပြန်လည်ပြင်ဆင်မှုများ၊ လူဦးရေ အပြောင်းအလဲများနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများ ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့ပြင် ပေကျင်း(တရုတ်)၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု ကြီးထွား လာခြင်း ကလည်း ဟောင်ကောင်ကို အောင်မြင်စေခဲ့သည့် မူလအားသာချက်များ ပျက်ယွင်းသွားစေခဲ့ခြင်း ဖြစ်သည်ဆိုသော ဆွေးနွေးငြင်းခုံမှုများလည်းရှိသည်။
ယခင်က ဟောင်ကောင်၏ အောင်မြင်မှုသည် သီးသန့်ဆန်းသစ်သော ပုံသေနည်းတစ်ခုပေါ်တွင် တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒအောက်တွင် တရုတ်ပြည်မကြီးနှင့် မတူညီသော စီးပွားရေးနှင့် ဥပဒေရေးရာ ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများက အဆိုပါ စနစ်ကို ယုံကြည်ခဲ့ကြသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက ဟောင်ကောင်ကို ရင်းနှီးမြှုပ်နှံရန် ဘေးကင်းပြီး ခန့်မှန်းတွက်ချက်ရ လွယ်ကူသည့် နေရာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့် ဟောင်ကောင်သည် လွတ်လပ်သည့် စွန့်စားမှုများနှင့် တီထွင်ဆန်းသစ်မှုများကို တွန်းအားပေးသည်ဟု ခံစားရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်သည်။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စည်းမျဉ်းစည်းကမ်း ဆိုင်ရာ မသေချာမှုများနှင့် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး၏ အုပ်ချုပ်ရေးပုံစံအကြား ကွာဟချက် ကျဉ်းမြောင်းလာခြင်းတို့အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ စိုးရိမ်မှုများနှင့်အတူ ယုံကြည်မှု လျော့ပါးသွားသည်နှင့်အမျှ အရင်းအနှီးများနှင့် ကျွမ်းကျင်ပညာရှင်များသည် အခြားနေရာ များသို့ ပြောင်းရွှေ့ကြည့်ရှုလာကြသည်။
တရားဝင်စာရင်းဇယားများအရ ၂၀၂၆ ခုနှစ် လယ်ပိုင်းတွင် ဟောင်ကောင်၏ အလုပ်လက်မဲ့နှုန်းသည် အကြမ်းအားဖြင့် ၃.၈ ရာခိုင်နှုန်းခန့်တွင် ရှိနေပြီး လူဦးရေ ၁၅၄,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေသည်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက ထိုကိန်းဂဏန်းများသည် ပုံမှန်အဆင့်ဟု ထင်မှတ် ရသော်လည်း ဖြစ်ရပ်မှန်၏ အစိတ်အပိုင်းအချို့ကိုသာ ဖော်ပြနိုင်သေးသည်။ လက်လီ ရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး အပါအဝင် ဧည့်ဝတ်ပြုမှု လုပ်ငန်းကဏ္ဍများ၊ အစား အသောက် ဝန်ဆောင်မှု၊ ဆောက်လုပ်ရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအပါအဝင် ကဏ္ဍ အများစုတွင် ဆိုးရွားသော ဖိအားများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
ပိုမိုစိုးရိမ်ဖွယ်ကောင်းသည်မှာ ဟောင်ကောင်၏ ကြွယ်ဝမှုဖန်တီးရေးပုံစံ၏ ကျောရိုးဟု သတ်မှတ် ခံထားရသော အိမ်ခြံမြေဈေးကွက်၏ အခြေအနေဖြစ်သည်။ ဆယ်စုနှစ်များစွာတိုင်အောင် ထိုးတက် နေသော အိမ်ခြံမြေဈေးနှုန်းများသည် ဟောင်ကောင်အတွက် စည်းစိမ်ဥစ္စာများကို ဖန်တီးပေးခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ ဆွဲဆောင်နိုင်ခဲ့သည်။
ယနေ့တွင်မူ အိမ်ခြံမြေဈေးနှုန်းများသည် အကန့်အသတ်မရှိ မြင့်တက်နေမည်ဟု ယုံကြည်ခဲ့ကြသော ရင်းနှီးမြှုပ်နှံသူများသည် နာကျင်ဖွယ်ရာ အမှန်တရားနှင့် ရင်ဆိုင်နေရသည်။ စီးပွားရေးအဆောက် အအုံများ၏ တန်ဖိုးမှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီး ရုံးခန်းလစ်ဟာမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ရာ အိမ်ရှင်များသည် မြို့နယ်အတော်များများတွင် ငှားရမ်းမည့်သူရရှိရန် ရုန်းကန်နေရသည်။ အိမ်ခြံမြေ အကြံပေးများ၏ အစီရင်ခံစာများအရ ရုံးခန်းလစ်ဟာမှုနှုန်းသည် ၁၂ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး ဈေးကွက်ကျဆင်းမှု၏ အနက်ရှိုင်းဆုံးအခြေအနေကို ပေါ်လွင်စေသည်။
ယုံကြည်မှု ပြိုလဲသွားခြင်းသည် အဆိုးသံသရာတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ အိမ်ခြံမြေ တန်ဖိုးများ ကျဆင်းခြင်းက စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို အားနည်းသွား စေသည်။ အားနည်းသွားသော စီးပွားရေးလုပ်ငန်းများက အလုပ်အကိုင်များကို လျှော့ချကြသည်။ စားသုံးသူများ၏ သုံးစွဲမှု လျော့နည်းသွားခြင်းက လက်လီရောင်းချသူများနှင့် စားသောက်ဆိုင်များကို ပိုမိုထိခိုက်စေသည်။ ထို့နောက် လုပ်ငန်းများ ပိုမိုပိတ်သိမ်းလာကြရသည်။
ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် နေထိုင်စရိတ် အမြင့်မားဆုံးနှင့် အိမ်ခြံမြေဈေးကွက် အကြီး မားဆုံးနေရာများထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ စီးပွားရေး နှေးကွေးမသွားမီကပင် ဒေသခံများ စွာသည် အိမ်ရာဝယ်ယူနိုင်ရေးအတွက် အခက်အခဲကြုံတွေ့ခဲ့ရသည်။ စီးပွားရေးအခြေ အနေများ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ထိခိုက်လွယ်သော အုပ်စုများသည် အကျပ်အတည်း၏ အစွန်အဖျားသို့ ပိုမိုတွန်းပို့ခံခဲ့ရသည်။
သုတေသီများနှင့် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများက အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် အိမ်ရာမတည် ငြိမ်မှုများ ဆက်လက်တည်ရှိနေခြင်းကို အကြိမ်ကြိမ် မီးမောင်းထိုးပြခဲ့ကြသည်။ ခုံးကျော်တံတား များအောက်၊ အများပြည်သူဆိုင်ရာ ပန်းခြံများနှင့် ပစ်ပယ်ခံထားရသော မြို့ပြနေရာများတွင် လမ်းဘေး အိပ်သူများကို တွေ့ရှိနိုင်သည်။ အလုပ်လက်မဲ့ဖြစ်မှု၊ အိမ်ရာဈေးနှုန်း မတန်တဆ မြင့်မားမှုနှင့် မတည်ငြိမ်သော အလုပ်အကိုင်များသည် မြို့တော်အတွင်း အိုးမဲ့အိမ်မဲ့ဖြစ်မှုဆီသို့ တိုက်ရိုက်ဦးတည် နေကြောင်း လေ့လာမှုများနှင့် အစီရင်ခံစာများက မှတ်တမ်းတင်ထားကြသည်။
အဆိုပါ ဆက်စပ်မှုများ နောက်ကွယ်မှ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းသည်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ အသင့်စား စားသောက်ဆိုင်လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ နေရာများ သို့မဟုတ် ယာယီခိုလှုံရာစခန်းများတွင် အိပ်စက်နေသူတိုင်းကို အိုးမဲ့အိမ်မဲ့အဖြစ် တရားဝင် စာရင်းသွင်း ထားခြင်းမရှိပေ။ သို့သော်လည်း ၎င်းတို့၏ အခြေအနေများသည် ဘဏ္ဍာရေးဆိုင်ရာ ရိုက်ခတ်မှုတစ်ခုခု ကြုံတွေ့နေသည့် မြို့တော်၏ လက်တွေ့အခြေအနေကို ပုံရိပ်ထင်ဟပ်နေသည်။
တစ်ချိန်တည်းမှာပင် သောင်းနှင့်ချီသော စီးပွားရေးလုပ်ငန်းများသည် ရပ်တည်နိုင်ရေးအတွက် ကိုယ်စီရုန်းကန်နေကြရသည်။ အသေးစား စားသောက်ဆိုင်ပိုင်ရှင်များ၊ မိသားစုပိုင် လက်လီဆိုင်များ၊ ရိုးရာဆိုင်များနှင့် ဒေသခံကုန်သည်များသည် လူဝင်ထွက် နည်းပါးလာခြင်းနှင့် အမြတ်ငွေကျဆင်း လာခြင်းတို့ကို ရင်ဆိုင်နေရသည်။ နှစ်စဉ် ဧည့်သည်သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သော မြို့နယ်များ၏ အမှတ်တံဆိပ်ဖြစ်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများသည်လည်း အချို့နေရာများတွင် လစ်ဟာနေသော ဆိုင်ခန်းများနှင့် ဈေးလျှော့ရောင်းသည်ဆိုသော ဆိုင်းဘုတ်များဖြင့် အစားထိုး ခံလိုက်ရသည်။
အခြားသော စိုးရိမ်ဖွယ်ရာတစ်ခုမှာ လူနှင့် အရင်းအနှီးများ ရွှေ့ပြောင်းသွားခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူလတ်တန်းစား မိသားစု အများအပြားသည် ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် စင်ကာပူသည် ကမ္ဘာ့ကုမ္ပဏီအများအပြား နှစ်သက်နိုင်မည့် အာရှဘဏ္ဍာရေး ဗဟိုချက်အဖြစ် ၎င်းတို့၏ တည်နေရာကို ပိုမိုခိုင်မာအောင် ပြုလုပ်လာခဲ့သည်။ အဆိုပါ အပြောင်း အလဲသည် ဟောင်ကောင်ကို ဘဏ္ဍာရေးဗဟိုချက်အဖြစ်မှ အပြီးတိုင် ပျောက်ကွယ်သွား စေမည်ဟု မဆိုနိုင်သော်လည်း မြို့တော်အနေဖြင့် ယခင်ကထက် ပိုမိုပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရ သည်မှာ မလွဲဧကန်ဖြစ်သည်။
ဟောင်ကောင်၏ အဓိကပြဿနာမှာ စီးပွားရေးသက်သက်မဟုတ်ဘဲ စနစ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ဟောင်ကောင်၏ သမိုင်းဝင် အင်အားသည် ပွင့်လင်းမြင်သာမှု၊ အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် နိုင်ငံတကာ၏ ယုံကြည်မှုတို့ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြသည်။
သို့သော်ပေကျင်း၏ လွှမ်းမိုးမှု ကျယ်ပြန့်လာသည်နှင့်အမျှ အဆိုပါမဏ္ဍိုင်များ အားနည်းသွားခဲ့သည်။ အဆိုပါ သုံးသပ်ချက်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းဆန်သည်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများအကြား ယုံကြည်မှု လျော့ပါးလာခြင်းသည် အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်လာခဲ့သည်မှာ ထင်ရှားသည်။
ဟောင်ကောင်ကို လုံးဝပြိုလဲသွားပြီဟု ကောက်ချက်ဆွဲပါက မှန်ကန်မည်မဟုတ်ပေ။ တရားဝင် အချက် အလက်များအရ စီးပွားရေးလှုပ်ရှားမှုများ၊ ကုန်သွယ်ရေးနှင့် အရင်းအနှီး ရင်းနှီးမြှုပ်နှံမှုများ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ သို့သော် လူမှုရေးဆိုင်ရာ ဖိအားများ၊ အိမ်ခြံမြေဈေးကွက် အားနည်းချက်များ၊ လက်လီရောင်းဝယ်ရေး ရုန်းကန်ရမှုများနှင့် အနာဂတ်အပေါ် လူထု၏ မျှော်လင့်ချက် ကျဆင်းလာ မှုဆိုင်ရာ ထင်ရှားသော လက္ခ ဏာများကို လျစ်လျူရှုရန်လည်း မဖြစ်နိုင်ပေ။
ဟောင်ကောင်မြို့တော်အတွက် ဝမ်းနည်းစရာမှာ ဆင်းရဲမွဲတေသွားခြင်း မဟုတ်ဘဲ တစ်ချိန်က အာရှတွင် အလွတ်လပ်ဆုံးနှင့် အအောင်မြင်ဆုံး စီးပွားရေးစင်မြင့်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော မြို့ကြီးတစ်မြို့သည် ယခုအခါ မူလအရည်အသွေးများကို ထိန်းသိမ်းထားနိုင်ရန် ရုန်းကန်နေရခြင်း ဖြစ်သည်။
ယခုဆွေးနွေးချက်များသည် ဟောင်ကောင်နေ ပြည်သူသန်းပေါင်းများစွာအတွက်မူ သဘောတရား မျှသာ မဟုတ်တော့ပေ။ ဝမ်းစာ ၊ ဝယ်ယူနိုင်သော အိမ်ရာ၊ တည်ငြိမ်သော အလုပ်အကိုင်နှင့် အနာဂတ်အတွက် မျှော်လင့်ချက်ဆိုင်ရာ လက်တွေ့ဘဝပြဿနာ ဖြစ်သည်။
ဟောင်ကောင် မြို့တော်၏ နာမည်ကျော် မိုးမျှော်တိုက်ကြီးများသည် ဆက်လက်တောက်ပနေဦးမည် ဖြစ်သော်လည်း ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသမျှနှင့် စီးပွားရေး အခွင့်အလမ်း များကို ထပ်မံ ဖန်တီးနိုင်ခြင်းမရှိသမျှ ကာလပတ်လုံး အဆိုပါတိုက်ကြီးများက ကိုယ်စားပြုခဲ့ဖူးသော ကတိကဝတ်များသည် ပိုမိုဝေးကွာသွားသည်ဟု ခံစားနေရမည် ဖြစ်သည်။
(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသည့် သုတေသီ တစ်ဦး ဖြစ်သည်။)
(ကိုးကား- Censtatd, Info.gov.hk, JLL, Springer, Hong Kong Free Press)