ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်

 

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၅) ရပ်ကွက်တွင် နေထိုင်ပြီး သာသနာပြုဘွဲ့ နှစ်ဘွဲ့ ရရှိထားသူဟု ကိုယ့်ကိုယ်ကိုယ် ကြော်ငြာထားသည့် လောကီဆရာ “သုံးရောင်ခြယ်ဘိုးတော်” ဆိုသူကို တပည့်ဖြစ်သူ မိန်းကလေးအား တည်းခိုခန်းသို့ သုံးကြိမ်တိုင် ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့မှုဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

 

တရားခံ ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်သည် ၎င်း၏ တပည့်မလေးတစ်ဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြနန်းသစ်တည်းခိုခန်းသို့ သုံးကြိမ်တိုင်တိုင် လိမ်လည်ခေါ်ဆောင်ကာ မုဒိမ်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူ မိန်းကလေးဘက်မှ အကျပ်ကိုင်ခံရမှုအပေါ် မကျေနပ်သဖြင့် ရွေးတုအစိုးရလက်အောက်ခံ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် တရားခံကျော်နိုင်၏ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

 

လက်ရှိတွင် မြောက်ဒဂုံမြို့မရဲစခန်း၌ တရားခံ ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်အား ရာဇသတ် ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပုံစာ-ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်။