ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၂၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအနီး မြို့ဟောင်းရွာတွင် တပ်စွဲထားသည့် ဒေသခံများအား အနိုင်ကျင့်ငွေညှစ်နေသော ရွေးတုအစိုးရစစ်တပ် ဂိတ်စခန်းတစ်ခုကို ရာမညမွန်တပ်တော် (RMA) က ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သုံး ဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိတ်စခန်းအား RMA တပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံး ဦး သေဆုံးကာ လေး ဦး ဒဏ်ရာရရှိခဲ့ချိန်တွင် RMA ဘက်မှ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် ဂိတ်စခန်းသည် လမ်းသွားလမ်းလာ ဒေသခံ ပြည်သူများအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခြင်းနှင့် ဆက်ကြေးငွေညှစ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည့် စခန်းတစ်ခုဖြစ်ကြောင်း ရာမညမွန်တပ်တော် (RMA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
RMA တပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် ၃ ရက်တာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – RMA