ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) ၏ အရှိန်ကြောင့် လာမည့် အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် သတိပေးထုတ်ပြန်သည်။
မုန်တိုင်းအရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ရွာရန်ရာနှုန်းပြည့်ဖြင့် မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့အပြင် မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ် မိုးကြီးနိုင်သည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ တိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်။
ပင်လယ်ပြင်အခြေအနေတွင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်သည်။
ထို့အတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိနှင့် လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိလာနိုင်သည်။
တစ်ပြိုင်နက်တည်းမှာပင် စူပါအယ်လ်နီညို (Super El Niño) သက်ရောက်မှုကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်းနှင့်အတူ အပူချိန်မြင့်မားခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။ မကွေးတိုင်း ချောက်မြို့တွင် ၃၈.၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အပူချိန်မြင့်တက်ခဲ့ပြီး ဘားအံ၊ စစ်ကိုင်း၊ ထားဝယ်၊ မြင်းခြံ၊ မြင်းမူ၊ ပဲခူး၊ ညောင်ဦးမြို့တို့တွင် ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်နှင့် တံတားဦးမြို့တွင် ၃၆.၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အပူချိန်များ မြင့်တက်နေကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ