ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ အာဆီယံအထူးတမန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သံတမန်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာလာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး စစ်အုပ်စု အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမှာပါ။
လာဇာရိုဟာ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံပြီး အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးမှာဖြစ်သလို AHA စင်တာမှ အရာရှိတွေနဲ့အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရမလားဆိုတဲ့ မေးခွန်းအပေါ် သံတမန်တွေက တွေ့ဆုံဖို့ အစီအစဉ် မရှိသေးဘူးလို့ ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဘုရင် ချားလ်စ်ထံမှ ပေးပို့တဲ့ စာနဲ့ စာအုပ်တွေ ရောက်ရှိခဲ့သလို သားငယ်ဖြစ်သူ ကင်မ်အဲရစ်နဲ့လည်း ဖုန်းပြောဆိုခွင့် ရရှိခဲ့တာကြောင့် တွေ့ဆုံခွင့်ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာပါ။
နေပြည်တော်မှာ ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးနေတဲ့ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဒီလုပ်ဆောင်ချက်တွေကို တိုးတက်မှုလက္ခဏာအဖြစ် ချီးကျူးခဲ့ပါတယ်။
မြန်မာ့အရေးကို မြန်မာပြည်သူတွေကိုယ်တိုင် ဖြေရှင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံက အကူအညီနဲ့ အကြံဉာဏ်တွေပဲ ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။
အနုတင်အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံဟာ မြန်မာစစ်အုပ်စုအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ကျင့်သုံးလာခဲ့ပါတယ်။
မြန်မာစစ်အုပ်စုကို အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ အာဆီယံရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်ဖို့ ဆွေးနွေးနေပါတယ်။
နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ နီးပါး တက်ရောက်မှာ ဖြစ်ပါတယ်။
News: Thai PBS World
Ref; ASEAN envoy to visit Myanmar starting Wednesday