ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြောင်းမဲ့ ဖမ်းဆီးထားခဲ့သည့် ရွှေညဝါဆရာတော် ဦးပညာသီဟ၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးတို့ ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း ပြည်တွင်းသတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာကာ နိုင်ငံရေး လောကနှင့်စာပေနယ်မှ ထင်ရှားသည့်စာရေးဆရာ မောင်သာချိုတို့ကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်။
သာသနာရေးတွင်သာမက နိုင်ငံရေးနယ်ပယ်၌ပါ ထင်ရှားသည့် ရွှေညဝါဆရာတော် ဦးပညာသီဟကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီလမှ လက်ရှိ နိုဝင်ဘာလအထိ လပေါင်း ၂၀ ကျော်ကြာ ဖမ်းဆီးထားပြီးနောက် ယနေ့ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
စာရေးဆရာမောင်သာချိုကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သလို NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်၌ လပေါင်း ၂၀ နီးပါး အကျဉ်းချခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။
#ရွှေညဝါဆရာတော် #ဒေါက်တာမျိုးညွန့် #လွတ်ငြိမ်းချမ်းသာ #အင်းစိန်ထောင် #Ayeyarwaddy_Times