ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၁,၅၀၀ ကျော် ခိုလှုံနေထိုင်ရာ ဗျာလစစ်ဘေးရှောင်စခန်းကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ည ၇ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာနှင့် သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းပေါ်သို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကနဦး ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိထားပါတယ်” ဟု ရခိုင်လူမှုကူညီရေး လုပ်ဆောင်နေသူ စာရေးဆရာ ဝေဟင်အောင်က ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောကြားသည်။

ညအချိန် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူ စာရင်းမှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိပြီး မြေပြင်အခြေအနေနှင့် အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် ဗျာလစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၃၉ စုမှ အမျိုးသား ၇၁၇ ဦးနှင့် အမျိုးသမီး ၈၆၇ ဦး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၁,၅၈၄ ဦး ခိုလှုံနေထိုင်လျက် ရှိသည်။ ယင်းစခန်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ကလည်း တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရဖူးပြီး ထိုစဉ်က စစ်ဘေးရှောင် ၅ ဦး သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ရွေးတုအစိုးရစစ်တပ်သည် လူနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများကို နေ့စဉ် လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်စခန်းများနှင့် ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းရန် ကြိုတင်ကာကွယ်ရေး အထူးသတိပြု နေထိုင်ကြရန် လိုအပ်လျက်ရှိသည်။
ပုံစာ-ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာနဲ့ သရက်ချိုရပ်ရွာကြားက ဗျာလစစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲပြီးနောက် တွေ့ရစဉ်။