ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ထိုင်ဝမ်နဲ့ တခြားအစိုးရတွေကို ဖိအားပေးဖို့ တရုတ်က နိုဝင်ဘာလဆန်းပိုင်းမှာ အနောက်ပစိဖိတ်နဲ့ ထိုင်ဝမ်တစ်ဝိုက် ကြိုတင်ကြေညာခြင်းမရှိဘဲ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလအစောပိုင်းက ဒေသတွင်းမှာ တရုတ်စစ်တပ်နဲ့ ကမ်းခြေစောင့်သင်္ဘော အစီး ၁၀၀ ကျော်အထိ စုရုံးခဲ့ပြီး ထိုင်ဝမ်မြို့ကြီးတွေအပါအဝင် တခြားစစ်တပ်တွေကို တိုက်ခိုက်တဲ့ ပုံစံတူလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက ဆိုပါတယ်။
ဒါဟာ လွန်ခဲ့တဲ့တစ်နှစ်က ထိုင်ဝမ်ကို ရည်ရွယ်ပြီး ပြူလုပ်ခဲ့တဲ့ “Justice Mission 2025” စစ်ရေးလေ့ကျင့်မှုထက် ပိုကြီးမားပြီး အခုချိန်ထိ အကြီးဆုံး တရုတ်ရေတပ်ဖြန့်ကြက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ ဓားပြတစ်ယောက်က ကုတ်အင်္ကျီထဲမှာ သေနတ်ဖွက်ပြီး ဘဏ်စာရေးကို ချိန်ထားသလို အချက်ပေးခေါင်းလောင်း မမြည်စေဘဲ တိတ်တဆိတ် ခြိမ်းခြောက်နေတာလို့ အဲဒီအရာရှိက ခိုင်းနှိုင်းပြောပါတယ်။
လေ့ကျင့်မှုအတွင်း တရုတ်ရေငုပ်သင်္ဘောတစ်စီးဟာ ပင်လယ်ဝါထဲမှ ပြည်မကြီးထဲကို တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့သလို လေယာဉ်တင်သင်္ဘောအုပ်စုတွေနဲ့ နယ်မြေပိတ်ဆို့မှုတွေ လေ့ကျင့်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြာသပတေးနေ့မိန့်ခွန်းမှာ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးကို တိုက်တွန်းခဲ့သလို တရုတ်က လေယာဉ်တင်သင်္ဘောဟာ ဘယ်နိုင်ငံကိုမှ မရည်ရွယ်တဲ့ ပုံမှန်လေ့ကျင့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့်သီတင်းပတ် ရှန်ကျန်းမြို့မှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေး မတိုင်ခင် သံတမန်ရေး တုံ့ပြန်မှုတွေကို ရှောင်ရှားရင်း စစ်ရေးဖိအားပေးဖို့ တရုတ်က နာမည်မတပ်ဘဲ တိတ်တဆိတ် လုပ်ဆောင်ခဲ့တာလို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပါတယ်။
တရုတ်ရဲ့ အရှေ့၊ မြောက်နဲ့ တောင်ပိုင်း စစ်ဒေသသုံးခုက ရေတပ်အင်အားတွေ ပူးပေါင်းလေ့ကျင့်တာဟာ ထိုင်ဝမ်ကို ပိတ်ဆို့ရုံတင်မကဘဲ အနောက်ပစိဖိတ်တစ်ခွင်လုံး စစ်ဆင်နိုင်စွမ်းကို လေ့ကျင့်နေတာလို့ ထိုင်ဝမ်က ယူဆပါတယ်။
ဒီသီတင်းပတ်ထဲ တရုတ်သင်္ဘောအရေအတွက် အနည်းငယ် လျော့သွားပေမယ့် သောကြာနေ့အထိ တရုတ်သင်္ဘော အစီး ၇၀ ခန့် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အရှေ့ဘက် ရေပြင်မှာ စစ်ဒေသသုံးခုက ရေတပ်အုပ်စုတွေအပြင် လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စုပါ ဆက်ရှိနေပြီး ထိုင်ဝမ်အနီးမှာ တရုတ်လေတပ် လှုပ်ရှားမှုတွေ များနေဆဲလို့ ထိုင်ဝမ်လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဂျိုးဇက်ဝူက ပြောပါတယ်။
တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ထိုင်ဝမ်အာဏာရပါတီအနေနဲ့ ပြည်ပအင်အားနဲ့ စစ်ရေးကို အားကိုးပြီး လွတ်လပ်ရေး ကြိုးပမ်းရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း ထိုင်ဝမ်အပေါ် တရုတ်ရဲ့ စစ်ရေးဖိအားပေးမှုတွေ ပိုပြင်းထန်လာလို့ ဒေသတွင်း ပဋိပက္ခ ဖြစ်လာနိုင်တဲ့အပေါ် အနောက်နိုင်ငံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
News: Reuters
Ref; China stages unannounced Pacific drills in ‘silent intimidation’ of Taiwan, officials say