ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ ရွေးတုအစိုးရစစ်တပ်၏ အမှတ် (၁၂) တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၁၂) မှ သင်တန်းဆင်း၍ ပြန်လာသည့် ရွေးတုအစိုးရ လက်အောက်ခံ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် နှစ် ဦးသည် မြိတ်-ထားဝယ် ရေလမ်းခရီးတွင် လက်နက်ကိုင် အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ် ဦးသည် ပလောက် တကက-၁၂ ၌ ဖွင့်လှစ်သည့် အကြပ်လောင်း၊ အကြပ်ငယ်၊ အကြပ်ကြီးနှင့် အရာခံဗိုလ် သင်တန်းများကို တက်ရောက်ပြီးစီး၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပလောက်မြို့မှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ကုန်းလမ်းခရီး လုံခြုံရေး အခြေအနေအရ ရေလမ်းခရီးမှတစ်ဆင့် ပြန်လာခဲ့ကြရာ နိုဝင်ဘာလ ၉ ရက်နေ့တွင် မြိတ်မြို့မှ ထားဝယ်မြို့သို့ စပိဘုတ်ဖြင့် ကူးသန်းသွားလာစဉ် လမ်းခုလတ်၌ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။

“ကျောင်းဆင်းပြီး ကုန်းလမ်း အခြေအနေကြောင့် ရေလမ်းကနေ ပြန်ကြရင်း လမ်းမှာ အဖမ်း ခံလိုက်ရတာ ဟုတ်ပါတယ်။ အားလုံးပေါင်း ရဲတပ်ဖွဲ့ဝင် နှစ် ဦး ပါသွားတာပါ။ အခုချိန်ထိတော့ သူတို့နဲ့ အဆက်အသွယ် ပြတ်နေတုန်းပါပဲ” ဟု ပလောက်သင်တန်းကျောင်းရှိ ရွေးတုအစိုးရ လက်အောက်ခံ အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ် ဦးအား မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို အတိအကျ သိရှိရခြင်းမရှိသေးဘဲ တပ်တွင်းတွင် ဆက်လက် စုံစမ်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း အတွင်းရှိ မြိတ်-ထားဝယ် ကုန်းလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ နယ်မြေစိုးမိုးမှု အားကောင်းလာသဖြင့် ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် အရပ်သား ရေယာဉ်များတွင် ရောနှောလိုက်ပါလျက်ရှိသည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုများ ရှိနေပြီး ရေလမ်းခရီး သွားလာသူများအနေဖြင့် စစ်ရေးသတိ အထူးရှိရန် ဒေသတွင်း သတင်းရင်း မြစ်များက သတိပေးတိုက်တွန်း ထားသည်။

ပုံစာ – အမှတ် (၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်း စစ်မှုထမ်းသင်တန်း ဖွင့်ပွဲတစ်ခုကို တွေ့ရစဉ် (ပုံဟောင်း)