‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၃ ရက်
‎
‎​ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခုအတွင်းရှိ နယ်မြေ ၁၄ ခုတွင် အာရက္ခတပ်တော် (AA) က တစ်ပြိုင်နက် ပုံဖော်လာသည့် ထိုးစစ်များကို စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန် ခုခံနေရသကဲ့သို့ စစ်တပ်ဘက်မှ စတင်ထိုးစစ်ဆင်သည့် စစ်မျက်နှာများတွင်လည်း အင်အားအများအပြား ပြုန်းတီးကာ တပ်ဆုတ်ခွာနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎​လက်ရှိတွင် AA ၏ ထိုးစစ်များကို ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်အစပ်၊ ပဲခူးတိုင်းအစပ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ နယ်မြေ ၁၄ ခု၌ စစ်တပ်က ရင်ဆိုင်နေရခြင်းဖြစ်ပြီး စစ်တိုင်းဌာနချုပ် ငါးခုမှ တိုင်းမှူး ငါးဦးကိုယ်တိုင် အနီးကပ် ကွပ်ကဲနေရကြောင်း သိရသည်။
‎
‎”မြို့ပြင်တပ်ရင်း၊ မြို့တွင်း ရဲတပ်ရင်းနှင့် နပခအပါအဝင်တပ်ပျက်များမှ အင်အား ၇၀၀၀ ခန့် စစ်တွေမှာ ခံစစ်ဆင်ထားတယ်” ဟု CDMဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎
‎​ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ စစ်တပ်က ထိုးစစ်ဆင်ရာမှတစ်ဆင့် AA ၏ တန်ပြန်တိုက်စစ်ကြောင့် စစ်တပ်အနည်းငယ်သာ ထိန်းချုပ်နိုင်တော့သည့် ပြည်နယ်မြို့တော် စစ်တွေမြို့နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည့် ကျားမသောက်ကျေးရွာအထိ တိုက်ပွဲများ နီးကပ်ရောက်ရှိလာပြီ ဖြစ်သည်။
‎
‎​ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာဘက်သို့ စစ်တပ်က “၄၉၂၆ စစ်ဆင်ရေး” (ခေါ်) “ရန်နိုင်အောင် စစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာပြီး တပ်လန်သွားသဖြင့် အမြင့်ကျွန်းအထိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
‎
‎​စစ်ရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ပါဒလိတ်အခြေစိုက် (ပညရ-၁၀) တွင် အထိုင်ချကွပ်ကဲနေသည့် တပ်မ (၁၀၁) ၏ ဒုတိယတပ်မမှူးကိုယ်တိုင် တိုက်ပွဲပြင်းထန်နေသည့် အမြင့်ကျွန်းရှေ့တန်းသို့ ဆင်း၍ တိုက်ပွဲဝင်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးက စေခိုင်းခဲ့ရသည်အထိ အခြေအနေ ယိမ်းယိုင်နေကြောင်း သိရသည်။
‎
‎ထို့အပြင် ရွှေမင်းဂံရေတပ်စခန်းနှင့် စစ်တွေမြို့အကြား အဆက်အသွယ် ပြတ်တောက်သွားနိုင်သည့် အခြေအနေကြောင့် ဆတ်ရိုးကျတံတား ပတ်ဝန်းကျင်တွင်လည်း စစ်တပ်က အင်အားများ ဖြန့်ခွဲချထားရသည်။
‎
‎စစ်တွေတပ်နယ်အတွင်း AAက တန်ပြန်တိုက်စစ်ဖြင့်ထိုးစစ်ဆင်လာချိန်တွင် ပါဒလိတ်ပါရမီရင်းစုများ၊ နာရီကန်၊ တောကန်၊ ရာတန်၊ ရေချမ်းပြင်၊ ဝါဘိုစသည့် ဒကစအနီးကျေးရွာများရှိ တပ်ရင်းများအထိ တိုက်ပွဲဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်နေ့က ဒကစအတွင်းကို AAက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အရာရှိများအပါအဝင် အများအပြား သေဆုံးခဲ့သည်။
‎
‎​​ရွှေမင်းဂံရေတပ်စခန်း တိုက်ခိုက်ခံရချိန်တွင် စစ်တပ်ဘက်မှ ငပြီကျွန်းဘက်သို့ တန်ပြန်ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ ပထမအကြိမ် စစ်ဆင်ရေး၌ပင် စစ်တပ်၏ တိုက်ခိုက်ရေးအင်အား ထက်ဝက်ခန့် ပြုန်းတီးခဲ့ပြီး တစ်ရက်တည်းတွင် တပ်ဖွဲ့ဝင် ၅၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း စစ်တပ်၏ စစ်သင်္ဘော ၄ စီးအထိ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည့်အပြင် စစ်တွေတပ်နယ်မှ ခမရ (၃၅၄) ယာယီတပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
‎
‎​ပထမအကြိမ် ကမ်းတက်စစ်ဆင်ရေး မအောင်မြင်ခဲ့သော်လည်း စစ်တပ်ဘက်မှ အင်အား ၁၈၀ ကျော်ဖြင့် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကမ်းတက်စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်နေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။
‎
‎​တစ်ဖက်တွင်လည်း စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည်ထိုးစစ်ဆင်ရန် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ အင်အား ၁,၀၀၀ ခန့်ကို အသုံးပြု၍ ဒုတိယအကြိမ် ထိုးစစ်ပြန်လည် စတင်နေကြောင်း သိရသည်။
‎
‎​အဆိုပါ ဒုတိယအကြိမ် ထိုးစစ်တွင် စစ်တပ်၏ အထူးဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သည့် ဒစရ (၂) ကိုပါ စေလွှတ်အသုံးပြုထားပြီး လက်ရှိတွင် အမြင့်ကျွန်းနှင့် ခမောင်းတောဘက်တို့မှ စစ်ကြောင်းများခွဲကာ စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
‎
‎ကျောက်ဖြူတပ်နယ်တွင်လည်း တောင်မော်ဦးရေတပ်၏ ကာကင်းစခန်းများရှိရာ အဝတောင်ကျေးရွာတွင် တိုက်ပွဲများပြန်ဖြစ်လာသည့်အပြင် မင်းပြင်၊ သိုင်းချောင်းစသည့် နယ်မြေများတွင်လည်း တိုက်ပွဲပြင်းထန်လာကြောင်း သိရသည်။ စနဲဘက်ကို ဦးတည်သည့် စစ်ကြောင်းများကို AAက အနီးကပ် တိုက်ခိုက် ဖြတ်တောက်ထားသည်ဟု သိရသည်။
‎
‎ရခိုင်ပြည်နယ် ပြင်ပ ဧရာဝတီတိုင်းအတွင်း စစ်တပ်ပုံဖော်ခဲ့သည့် ရခိုင်တောင်ပိုင်းတစ်ခုလုံး ပိတ်ဆို့ပြီး နယ်မြေစိုးမိုးမှုရယူလိုရေး စီမံချက်မှာလည်း လုံးဝလက်လျှော့ရသည့်အခြေအနေဖြစ်ကာ ငဝန်မြစ်ကမ်းတလျှောက် တပ်ဖြန့် ခံစစ်ဆင်ရသည့် အခြေအနေရှိနေခဲ့သည်။
‎
‎မေလကုန်ကာနီးမှစ၍ အောက်တိုဘာ တတိယပတ်နှင့်နောက်ဆုံးပတ်အထိ စစ်တပ်က ဧရာဝတီတိုက်ပွဲအတွင်းကို အင်အား ၂၀၀၀ မှ ၃၀၀၀ အထိသုံးထားသည်။
‎
‎ထို့အပြင် သာပေါင်းနှင့် ရေကြည်အစပ်ရှိ ဘုရားကြီး၊ ကမ္ဘားကြီး၊ သဲဖြူ၊ ကင်ပွန်းချဉ်ကုန်း စသည့်စခန်းများကို ဗျူဟာမှူးများထိုင်စေပြီး နတခ ဒုတိုင်းမှူးကို ဆင်းခိုင်းပြီး အနီးကပ်ကွပ်ကဲခိုင်းထားသည်။ သို့သော် ရွှေသောင်ယံတွင် အခြေချထားသည့် တပ်မ ၆၆ လက်အောက်ခံ နည်းဗျူဟာတစ်ခုမှာ လုံးပါးပါး အင်အားပြုန်းတီးနေပြီဖြစ်ကြောင်း သိရသည်။