ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းတွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ တက္ကသိုလ်တတိယနှစ် ကျောင်းသူ မနုနုဝင်း (၂၃ နှစ်) နှင့် ရသေ့တောင်မြို့နယ်၊ ကုတောင်ကျေးရွာမှ ကိုဇော်ဟိန်းသူ (၂၀ နှစ်) တို့ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
”ညဘက်ဗုံးလာကြဲတာမှာ အိမ်တွေပါ ခါယမ်းသွားလို့ ကလေးကိုချီပြီး မြေထဲဆင်းဝပ်ရတယ်။ စစ်ရှောင်တွေနေတဲ့စာသင်ကျောင်းပေါ်ကြဲချတာ” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း အသက် ခုနှစ်နှစ်မှ ၆၄နှစ်အတွင်းရှိ ဒေသခံ အရပ်သား ရှစ် ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ရပြီး ခြေထောက်ပြတ်ထွက် ဒဏ်ရာရသူများပင် ပါဝင်သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၈ နာရီ ၄၅ မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးက အဆိုပါ စာသင်ကျောင်းကို ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်နေ့ကလည်း မြောက်ဦး၊ နန်းကျားကျေးရွာကို စစ်တပ်က ဗုံးကြဲရာ ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၁ရက်နေ့တွင် မြောက်ဦးရှိ ယာယီသားဖွားဆေးရုံကို ဗုံးကြဲခံရကာ မွေးကင်းစကလေးငယ်အပါအဝင် ၅ဦးသေဆုံးမှုရှိခဲ့သည်။ စစ်တပ်က ယခုကာလအတွင်း စစ်ကိုင်းနှင့် ရခိုင်ကို စံချိန်တင်ဗုံးကြဲမှုများကျူးလွန်လျက်ရှိသည်ဟု လေ့လာစောင့်ကြည့်ရအဖွဲ့များက ဖော်ပြသည်။
ဓာတ်ပုံ- prae phrone naing
ပုံစာ- မြောက်ဦးရှိ စစ်ရှောင်များခိုလှုံနေသည့် စာသင်ကျောင်းဗုံးကြဲခံထားရစဉ်