နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

 

မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို (SMR) တည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်နေမှုကို သတ်မှတ်ကာလထက် တစ်နှစ်ရွေ့ဆိုင်းလိုက်ရပြီး စီမံကိန်းနေရာအတွက် နှစ်ဖက်ပြန်လည် ညှိနှိုင်းဆွေးနွေးနေကြောင်း အာဏာသိမ်း ရွေးတုအစိုးရခန့် လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဦးအေးကျော်က ပြောသည်။

 

စွမ်းအင် လိုအပ်ချက်ကို အကြောင်းပြ၍ ပုံဖော်စီစဉ်နေသည့် ထိုဓာတ်ပေါင်ဖိုအား အမြန်ဆုံး အကောင်အထည်ဖော်ရန် အစီအစဉ်ရှိမရှိနှင့် ရှိပါလျှင် မည်သည့်ဘဏ္ဍာရေးနှစ်၌ စတင်သွားမည်ကို သိရှိလိုသည်ဟု ရွေးတုလွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက မေးမြန်းလာသဖြင့် ထိုကဲ့သို့ ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။

 

“ဓာတ်ပေါင်ဖို တည်ဆောက်ရေး လုပ်ငန်းတွေကို လာမယ့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ် မတိုင်ခင် ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ တည်နေရာ ရွေးချယ်နိုင်ရေးအား Rosatom နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်” ဟု ရွေးတုအစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးက ပြောသည်။

ယင်းအတွက် ယခင်သတ်မှတ်ကာလသည် လာမည့် ၂၀၂၇ ခုနှစ်၌ စတင်ရန်ဖြစ်ပြီး ပဲခူးတိုင်းတွင် တည်ဆောက်ရန် လျာထားသည်ဟု ရုရှားဘက်မှ ထုတ်ပြန်ချက်အပြင် ကမ္ဘာ့နျူကလီးယား သတင်းဌာနများဖြစ်သော World Nuclear News နှင့် Nuclear Engineering International တို့၏ ဖော်ပြချက်များအရ သိရှိရသည်။

 

ထို့အပြင် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများလည်း ပြုလုပ်ထားသည်ဟု ဖော်ပြထားပြီး အာဏာသိမ်း ရွေးတုအစိုးရဘက်ကမူ ယခုအခါတွင်သာ ပြောလာခြင်းဖြစ်သလို လာမည့် ၂၀၂၈ ခုနှစ်၌ စတင်သွားမည် ဆိုခြင်းကြောင့် တည်နေရာ အပြောင်းအလဲနှင့် တည်ဆောက်ရန်ကို တစ်နှစ်ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

 

လက်ရှိတွင် ပဲခူးတိုင်းသည် ခုခံတော်လှန်မှုများ ပြင်းထန်နေပြီး ရွေးတုအစိုးရတပ် အထိနာ စစ်ရှုံးနေသဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို (SMR) တည်ဆောက်ရန် နေပြည်တော်ကို ကနဦးပြောင်းလဲ လျာထားသည်ဟု တပ်တွင်း သတင်းအရင်းမြစ်နှင့် စစ်လော်ဘီများ၏ ပြောဆိုချက်တို့အရ သိရှိရသည်။

 

အာဏာသိမ်း စစ်အုပ်စုမှ ရွေးတုအစိုးရအဖြစ် အသွင်မပြောင်းခင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်၌ ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် သဘောတူစာချုပ် ရေးထိုးထားသော နျူဓာတ်ပေါင်းဖို မတည်ဆောက်နိုင်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကြောင့်ဟု ဒုဝန်ကြီးက ဆိုသည်။

 

ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်မည့် ထိုစီမံကိန်းသည် ၅၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖို နှစ်ခုပါဝင်သော အသေးစား နျူကလီးယားဓာတ်ပေါင်းဖို (SMR) ဖြစ်ကာ နျူကလီးယား စက်ရုံကြီးများကဲ့သို့ နှစ်ပေါင်းများစွာ အချိန်မယူရသဖြင့် လာမည့် ၂၀၂၈ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ခုနှစ်နှစ်အတွင်း တည်ဆောက်မည်ဟု သိရသည်။

 

ခေတ်အဆက်ဆက် စစ်အုပ်စုနှင့် ရွေးတုအစိုးရတို့၏ အိမ်မက်ဖြစ်သော နျူကလီးယား ပိုင်ဆိုင်လိုမှုကို အသုံးချ၍ ၎င်းတို့နိုင်ငံ၌ပင် မအောင်မြင်သေးသည့် RITM-200N နည်းပညာ စမ်းသပ်ကွင်းအဖြစ် မြန်မာနိုင်ငံတွင် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်နိုင်ရန် ရုရှားဘက်က ကြိုးပမ်းမှုဖြစ်ကြောင်း သိရသည်။

 

အဆိုပါ RITM-200N နည်းပညာကို ရုရှားနိုင်ငံအနေဖြင့် နျူကလီးယား ရေခဲခွဲသင်္ဘော၌သာ အသုံးပြုလျက်ရှိပြီး ထိုနည်းပညာအား အခြေခံ၍ မြေပြင်အတွက် ပြုပြင်ထားသော Pressurized Water Reactor (PWR) အမျိုးအစားသုံး အသေးစား နျူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ရန် စီစဉ်စမ်းသပ်နေကြောင်း သိရသည်။

 

နောင်ပိုင်းတွင် ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ရေး ရည်ရွယ်ထားသည့် နျူဓာတ်ပေါင်းဖို တည်ဆောက်မှုမှာ စက်ရုံတွင်း၌ အစိတ်အပိုင်းများအား အချောထည် (Modular) ထုတ်လုပ်၍ မြေပြင်တွင် လာတပ်ဆင်မည်ဖြစ်ကာ အောင်မြင်ခဲ့လျှင် ကမ္ဘာ့ပထမဆုံးသော ကုန်းတွင်းအခြေစိုက် SMR ဈေးကွက်ကို ရုရှားအနေဖြင့် ပိုင်ဆိုင်မည်ဖြစ်သည်။

 

ယင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံမှ ၂ ဒဿမ ၅ ဘီလီယံကြား ကုန်ကျနိုင်ခြေရှိ နျူဓာတ်ပေါင်းဖို(SMR) ကို ရုရှားဘက်မှ ငွေထုတ်ချေးမည်ဖြစ်ပြီး မြန်မာကဲ့သို့ ၎င်းလက်အောက်ခံ ဗဟိုအာရှနိုင်ငံ ဥဇဘက်ကစ္စတန်၌လည်း ဓာတ်ပေါင်းဖို ခြောက်ခုပါ ၃၃၀ မဂ္ဂါဝပ်စီမံကိန်းအား တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

သို့သော် လက်ရှိတွင် ပင်လယ်အခြေစိုက် နျူဓာတ်ပေါင်းဖို(SMR) တစ်ခုတည်းကိုသာ လည်ပတ်နိုင်သေးသည့် ရုရှားနိုင်ငံအနေဖြင့် RITM-200N နည်းပညာသုံး ကုန်းတွင်းအခြေစိုက် နျူဓာတ်ပေါင်းဖို(SMR) အား မြန်မာနှင့် ဥဇဘက်ကစ္စတန်တို့တွင် အောင်မြင်မှသာ အနည်းဆုံး ၂၀၃၁ ခုနှစ်၌ စတင်ရန် လျာထားကြောင်း သိရသည်။

 

ဓာတ်ပုံ – ရုရှား၊ ရွေးတုအစိုးရ