ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ပဲခူးရိုးမရှိ ခရိုင်လေးခုဆုံရာဒေသသို့ စစ်တပ် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ခု တပ်ဖြန့်ဝင်ရောက်လာစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကိုးပင်-သာဂရလမ်း မိုင်တိုင်အမှတ် (၄၀) ရှိ သံတံတားကျေးရွာမှတစ်ဆင့် နေပြည်တော်နယ်မြေ (ယခင် ရမည်းသင်းခရိုင်)၊ တောင်ငူခရိုင်၊ သရက်ခရိုင်နှင့် ပြည်ခရိုင်တို့ ဆုံရာအနီးရှိ အောင်လံ၊ လယ်ဝေးနှင့် ရေတာရှည်မြို့နယ် သုံးမြို့နယ်အစပ်သို့ အဆိုပါစစ်ကြောင်း ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ပဲခူးရိုးမ နယ်မြေများအတွင်း အရှိုချင်းတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုများ အခြေပြုလှုပ်ရှားနေသည်ဟူသော စစ်ထောက်လှမ်းရေး သတင်းတည်ဆောက်မှုများ ထွက်ပေါ်နေပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ် ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။

“အဆိုပါစစ်ကြောင်းဟာ ရှေ့ပြေးတပ်တစ်ခုသာ ဖြစ်ပြီး ပင်မတပ်ကြီးပါ ဝင်ရောက်လာဖို့ ရှိနေပါတယ်။ ၎င်းစစ်ကြောင်းကိုတော့ ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ထားပြီး အဆိုပါနယ်မြေမှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလို လေ ကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်လာနိုင်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုးပင်-သာဂရ ရိုးမဖြတ်လမ်းပိုင်းသည် မကွေးတိုင်းနှင့် ပဲခူးတိုင်းအပြင် နေပြည်တော်နယ်မြေတို့ကို ဆက်သွယ်ထားသည့် စစ်ရေးအရ အရေးပါသော လမ်း ကြောင်းတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း ပဲခူးရိုးမတစ်ကြော၌ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးလှုပ်ရှားမှု အားကောင်းလာသဖြင့် စစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် မကြာခဏစစ်ကြောင်းထိုးကြောင်း သိရသည်။