ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

 

ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှုများ မြင့်တက်လာခြင်းကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံဆိုင်ရာ ညွှန်ကြားချက်တစ်ရပ်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယမန်နေ့နိုဝင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အစီအမံအရ ကရင်နီပြည်အတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများနှင့် နယ်စပ်နယ်နိမိတ် အသီးသီးတွင် သက်ဆိုင်ရာ ရဲဌာန၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာရှာဖွေခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မူးယစ်ဆေးဝါးချက်လုပ်သည့် စက်ရုံ၊ စခန်းများကို ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများကိုပါ ပြုလုပ်သွားမည်ဖြစ်​ပြီး ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နီးစပ်ရာရဲစခန်းနှင့် အုပ်ချုပ်ရေးအဖွဲ့များထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

“လက်ရှိကျွန်တော်တို့ပြည်နယ်မှာ အခုမှမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းဆယ်စုနှစ် တစ်ခုနှစ်ခုကတည်းက မူးယစ်ဆေးဝါးအထူးသဖြင့် အလုပ်သမားထုတွေကြားမှာကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့တာရှိတယ်။ လူငယ်ထုကြားမှာလည်းပျံ့နှံ့သုံးစွဲတာရှိပါတယ်။ ဒါမဲ့အခုလိုမျိုးစစ်ရေး၊ နိုင်ငံရေးစီးပွားရေး ဖရိုဖရဲဖြစ်နေတဲ့ကာလမှာ ဆိုးဝါးတဲ့အခြေအနေပိုရှိတာပေါ့နော်။ အဲ့တာကြောင့် မူးယစ်ဆေးဝါးရဲ့သားကောင်၊ မူးယစ်ဆေးဝါးကြောင့် ထိခိုက်ရှလွယ်မှုတွေ များလာတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါအစီအမံအရ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်လွှဲပြောင်းခြင်းတို့တွင် ပါဝင်ပတ်သက်ပါက မည်သည့်အဖွဲ့အစည်း၊ ရာထူးနှင့် အဆင့်အတန်းကိုမဆို ကရင်နီပြည် ကြားကာလမူးယစ်ဆေးဝါးဆိုင်ရာမူဝါဒ၊ ရှိရင်းစွဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အထူးသဖြင့် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ နောက်ကွယ်မှ အကာအကွယ်ပေးခြင်းတို့ ပြုလုပ်ကြောင်းတွေ့ရှိပါက တပ်ဖွဲ့မှထုတ်ပယ်ခြင်းအပါအဝင် ထိရောက်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“တော်လှန်ရေးကာလမှာလည်းမူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာမှုတွေလည်း‌ပိုများလာတဲ့အပေါ်မှာကျွန်တော်တို့အားလုံးအတူတကွ တော်လှမ်ရေးအမြန်ဆုံးအောင်မြင်နိုင်ဖို့ အဟန့်အတားလည်းဖြစ်စေတဲ့ဒီမူးယစ်ဆေးဝါးလုပ်ငန်းကို ဒီထက်ပိုပြီးတော့မှ အာရုံစိုက်မယ့်ပုံစံမျိုးဖြစ်ပါတယ်” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။

 

ယခုညွှန်ကြားချက်သည် ကရင်နီပြည် တစ်ခုလုံးကိုသက်ရောက်မည်ဖြစ်ပြီး လိုအပ်ချက်နှင့်အခြေအနေများအပေါ်မူတည်ကာ ဒေသအလိုက်အထူးစီမံချက်များကိုပါ အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း IEC ကထုတ်ပြန်ခဲ့သည်။

 

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ရှိ ရေနံမှော်နယ်မြေများတွင်လည်း KTV များ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာခဲ့ပြီး အရပ်သားများသာမက တော်လှန်ရေးတပ်ဖွဲ့ဝင်များပါ မူးယစ်ဆေးဝါးများသုံးစွဲပျော်ပါးနေကြသည့်အတွက် KTV ဆိုင်ခန်းများအားလုံးပိတ်သိမ်းရန် ပခုက္ကူခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

 

တော်လှန်ရေးအတွက် ရန်ပုံငွေလိုအပ်သာ်လည်း မူးယစ်ဆေးဝါးဖြင့် ငွေရှာမည်မဟုတ်ကြာင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လည်း ထုတ်ဖော်ပြောကြားထားသည်။

 

ဓာတ်ပုံ – KSP(ပုံဟောင်း)