ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ တိုက်ပွဲတွင် ရွေးတုအစိုးရစစ်တပ်က မြို့တွင်း ဧရိယာကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက ၁၃) မှ စစ်ကူအင်အား ထပ်မံဖြည့်တင်းလာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အခြေစိုက် တကက-၁၃ မှတစ်ဆင့် မိုးမိတ်မြို့သို့ စစ်ကူအင်အားများ ဆက်တိုက် ပို့ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းကပင် စစ်ကား သုံးစီးအပြည့် စစ်ကူအင်အား ဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

“မိုးမိတ်မြို့တွင်းလောက်ပဲ ထိန်းနိုင်တော့တာ။ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီ” ဟု မြေပြင်အခြေအနေ သိရှိသူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မိုးမိတ်မြို့ပြင် နေရာများ၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကာ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အပြန်အလှန် လုပ်ဆောင်လျက် ရှိသည်။

 

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တပ်က ဂျက်တိုက်လေယာဉ် နှင့် Y-12 လေယာဉ်တို့ကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက မြို့ပြင်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများကို KIA ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

 

မိုးမိတ်မြို့နယ်အတွင်း KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်ကလည်း မြို့လက်မလွှတ်ရရေး အပြင်းအထန် ခုခံလျက်ရှိသည်။ တိုက်ပွဲများ မြို့တွင်းပိုင်းသို့ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် မိုးမိတ်မြို့ခံ အများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်ရှိနေသည့် ဒေသခံများ အနေဖြင့်လည်း လေကြောင်းအန္တရာယ်နှင့် စစ်ရေးသတိ အထူးရှိကြရန် လိုအပ်နေသည်။

 

မိုးမိတ်မြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ရွေးတုအစိုးရစစ်တပ် ဘက်ကလည်း ယနေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

 

ပုံစာ – KIA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)