ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တွေကို ထည့်သွင်းပေးမယ်ဆိုတဲ့ အမေရိကန် ကိုယ်စားလှယ်တွေရဲ့ ကတိကဝတ်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ကြိုဆိုလိုက်ပါတယ်။

ဥရောပခေါင်းဆောင်တွေကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်နေချိန် ဆွေးနွေးပွဲမှာ ဥရောပနိုင်ငံတွေကို ဖိတ်ခေါ်လိုက်တာဟာ ညှိနှိုင်းမှုတွေမှာ EU ရဲ့အသံ ပါဝင်ခွင့်ရစေမှာဖြစ်သလို ယူကရိန်းရဲ့ EU အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်အတွက်လည်း အဓိပ္ပာယ်ရှိတယ်လို့ ၎င်းက ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် ဂျာရက်ကူရှ်နာနဲ့ စတိဗ်ဝစ်ကော့ဖ်တို့ဟာ ကြာသပတေးနေ့က မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကို ရောက်ရှိလာပြီး ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

မော်စကို တွေ့ဆုံမှုမှာ ယူကရိန်းစစ်ပွဲအပေါ် ထားရှိတဲ့ ရုရှားရဲ့ ရပ်တည်ချက်နဲ့ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်တွေ ပြောင်းလဲမှုမရှိသေးဘူးလို့ ပူတင်က ပြောကြားခဲ့ပါတယ်။

အဘူဒါဘီ ဆွေးနွေးပွဲတွေမှာ စစ်ပွဲအဆုံးသတ်ရေး အဖြေမထွက်ခဲ့ပေမယ့် ကြာသပတေးနေ့မှာ ၂၀၂၂ ခုနှစ် စစ်ပွဲ စတင်ချိန်ကစလို့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တစ်ခုကို ရုရှားနဲ့ ယူကရိန်းတို့ သဘောတူခဲ့ပါတယ်။

ဒီအစီအစဉ်ကြောင့် လူထောင်ပေါင်းများစွာ မိသားစုတွေဆီ ပြန်ရောက်ရှိနိုင်တော့မယ်လို့ ကူရှ်နာက ပြောပေမယ့် အကျဉ်းသား အရေအတွက် အတိအကျနဲ့ အချိန်ဇယားကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ဥရောပကိုယ်စားလှယ်တွေ ပါဝင်ဖို့ ဘယ်လောက်အရေးကြီးကြောင်း ပူတင်ကို ပြောပြခဲ့ပြီး ပူတင်က လုပ်ဆောင်ကြည့်ဖို့ ဆန္ဒရှိနေတယ်လို့ ကူရှ်နာက ဆိုပါတယ်။

ရုရှားအပေါ် အမေရိကန်ရဲ့ သဘောထား ပျော့ပျောင်းလာမှုအပေါ် ယူကရိန်းနဲ့ ဥရောပတို့က စိုးရိမ်နေကြချိန် EU ထိပ်တန်းသံတမန် ကာဂျာကားလက်စ်က အခုဖြစ်ရပ်ဟာ ဥရောပဟာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတာကို ရုရှားက သဘောပေါက်လာတာလို့ မှတ်ချက်ပြုပါတယ်။

အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်က ရုရှားကြောင့် ဥရောပရဲ့ လုံခြုံရေး အခြေအနေဟာ အခြေခံကစလို့ ပြောင်းလဲသွားပြီး ယူကရိန်းသာ ရှုံးနိမ့်သွားရင် ဥရောပတိုက်မှာ ကျူးကျော်မှုတွေ ထပ်ဖြစ်လာမှာကို EU အဖွဲ့ဝင်နိုင်ငံတွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းနယ်မြေရဲ့ ငါးပုံတစ်ပုံခန့်ကို ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ များပြားလာပါတယ်။

အမေရိကန်နဲ့ ယူကရိန်းကြား တင်းမာမှုတွေ ရှိခဲ့ပြီး အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီပိုင် Starshield စစ်ဘက်သုံး ဂြိုဟ်တုဝန်ဆောင်မှုအပေါ် ကန့်သတ်မှုတွေ ပိုတင်းကျပ်လာလို့ ရုရှားဒရုန်းတွေကို ကြားဖြတ်ဟန့်တားရာမှာ အခက်တွေ့နေရတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

News: BBC
Ref; Zelensky welcomes US bringing Europe into Russia-Ukraine peace talks