ဧရာဝတီတိုင်းမ်
(ကျိုက်မရော)၊ နိုဝင်ဘာ ၁၃ ရက်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တပ်စွဲထားသည့် ရွေးတုအစိုးရ စစ်တပ်စခန်း သုံး ခုကို ရာမညမွန်တပ်တော်(RMA)က ယမန်နေ့နိုဝင်ဘာ ၁၂ ရက်နေ့တွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ် ကတုံစိကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ၊ ကော့ဒွန်း-ကော့ပနော့ ဂိတ်စခန်းနှင့် တရနာကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်စခန်း သုံး ခုကို RMA ၏ ကျိုက်မရောမြို့နယ်တပ်နှင့် ကော့ကရိတ်မြို့နယ်တပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှု သုံး ခုအတွင်း တရနာကျေးရွာရှိ စစ်တပ်စခန်း၌ လူထိခိုက်မှုမရှိပဲ ဘိလပ်မြေစက်ရုံစခန်းနှင့် ကော့ဒွန်း-ကော့ပနော့စခန်းတို့တွင်မူ စစ်တပ်တပ်ဖွဲ့ဝင် ရှစ် ဦးအထိ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆင်ရေးအတွင်း ရာမညမွန်တပ်တော် (RMA) ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

ရာမညမွန်တပ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ သံကလောင်ရွာ၊ ဓမ္မသရွာနှင့် ကော့ဘွီးရွာတို့တွင် အခြေချထားသည့် စစ်တပ်နေရာ သုံး ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – RMA