ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အပါအဝင် မြို့နယ်အသီးသီးမှ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း အမှတ်စဉ်တစ်ခုလျှင် လူအင်အား ၉၀၀ ကျော်အထိ ရှိနေပြီး သင်တန်းဆင်းပြီးချိန်တွင် ရခိုင်နှင့် တနင်္သာရီ စစ်မြေပြင်များသို့ တိုက်ရိုက်စေလွှတ်ခံနေရကာ ရခိုင်စစ်မျက်နှာတွင် အကျအဆုံး အလွန်များပြားနေကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်မှုထမ်း စုဆောင်းမှုများတွင် ညဘက် သွား လာစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူများ၊ ခရီးသွားလာရင်း ဖမ်းဆီးခံရသူများနှင့် နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးကာ လူစားထိုး ရောင်းစားခံရသည့် အပြစ်မဲ့ ပြည်သူများ အများဆုံး ပါဝင်နေသည်။
စစ်သင်တန်းဆင်းပြီးနောက် အဆိုပါ လူငယ် ၉၀၀ ကျော်ကို ရခိုင်စစ်မြေပြင်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ရေးဧရိယာများသို့ ပို့ဆောင်ရာတွင် တပ်တွင်း လာဘ်ပေးလာဘ်ယူမှုများ ပြင်းထန်စွာ ရှိနေသည်။ ငွေကြေး တတ်နိုင်သူများမှာ ဆက်သွယ်ရေးနှင့် ထောက်ပို့တပ်များတွင် နောက်တန်း၌ ကျန်ရှိခဲ့သော်လည်း ငွေကြေး မပေးနိုင်သည့် အခြေခံ လူတန်းစား လူငယ်အများစုမှာ ရှေ့တန်းစစ်မြေပြင်သို့ တိုက်ရိုက် ပို့ဆောင်ခံနေရကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်နယ်ဘက်သို့ ထိုးဖောက်ဝင်ရောက်နေသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ဆင်ရေးမှာ နှစ်လပြည့်သည်အထိ အောင်မြင်မှု မရရှိဘဲ သေဆုံးမှု များပြားနေသဖြင့် နောက်ပြန်ဆုတ်နေရကြောင်း ပုသိမ်မြို့နယ် ပကဖ က ဖော်ပြထားသည်။
ထို့အပြင် စစ်မှုထမ်း အမှတ်စဉ် (၁၈) မှ တပ်ဖွဲ့ဝင်အချို့မှာ ရခိုင်စစ်မြေပြင်တွင် လက်နက်ကြီး ထိမှန်သေဆုံးမှုများ ရှိနေသကဲ့သို့ ခြေပြတ်၊ လက်ပြတ် ပြင်းထန် ဒဏ်ရာရရှိသူများကိုလည်း နောက်တန်းသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်း မရှိဘဲ စစ်မြေပြင်တွင်ပင် ပစ်ထားခြင်းခံနေရကြောင်း သိရသည်။
ရခိုင်စစ်မြေပြင်မှ သေဆုံးမှု သတင်းများကို ရွေးတုအစိုးရစစ်တပ်ပိုင် မီဒီယာများဖြစ်သည့် MWD၊ MRTV နှင့် စစ်တပ်ထောက်ခံသူ ဝါဒဖြန့်ချိရေးသမားများက သတင်းအမှောင်ချထားသော်လည်း TikTok အပါအဝင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်မူ သေဆုံးစစ်သည် မိသားစုဝင်များ ၏ ဝမ်းနည်းပူဆွေးနေသည့် ရုပ်သံဖိုင်များ နေ့စဉ် ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် စစ်တပ် မိသားစုဝင်များအနေဖြင့် ရှေ့တန်းရောက် မိသားစုဝင်များနှင့် အဆက် အသွယ်ပြတ်တောက်ကာ သေဆုံးသတင်းများကိုသာ လက်ခံရရှိနေရသဖြင့် အချင်းချင်းကြားတွင်လည်း စစ်မှုထမ်း လူသစ် စုဆောင်းခံရမှုနှင့် ပတ်သက်၍ သတိပေး ပြောဆိုမှုများရှိသည်။