ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) အခြေစိုက်မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် – MNDAA တပ် ထိမ်းချုပ်နယ်မြေအတွင်း နယ်မြေစိုးမိုးမှုရယူရန်ကြိုးပမ်းသည့် စစ်ကောင်စီတပ်များနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ်၊ နန့်ပမ်တပ်စခန်း၌ စစ်ကောင်စီ၏ ၂၉၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော် စုစည်းကာ အင်အားဖြည့်တင်းထားသည့်သတင်းကြောင့် ကိုးကန့်တပ်များက နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းတွင် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် ကိုးကန့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း MNDAA တပ်၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုတိုက်ပွဲမတိုင်မီ နိုဝင်ဘာလအစောပိုင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဆိုသည်။

MNDAA ထိမ်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ နယ်မြေစိုးမိုးမှုရစေရန် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့်အတွက် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ MNDAA တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ -MNDAA

#ကိုးကန့် #MNDAA #တိုက်ပွဲသတင်း #Ayeyarwaddy_Times