ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒု-စစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် ၎င်းရဲ့စစ်ကောင်စီ မှာပါဝင်တဲ့ သူတွေနဲ့ နေပြည်တော်စစ်ရုံး က စစ်ဗိုလ်ချုပ်တွေကို မဟာသရေစည်သူနဲ့ စည်သူဘွဲ့တွေပေး အပ်တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ဒုစစ်ခေါင်းဆောင် စိုးဝင်း ကိုတော့ မဟာသရေစည်သူ ဘွဲ့ပေးတာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် ၁၃ ဦး၊ စစ်အာဏာသိမ်းမှုမှာပူးပေါင်းပါဝင်ခဲ့တဲ့ နေပြည်တော်စစ်ရုံးချုပ်က ဗိုလ်ချုပ်ကြီးနဲ့ ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိ စစ်အရာရှိချုပ် ၂၀ ကျော်ကိုလည်း စည်သူဘွဲ့တွေပေးအပ်ခဲ့တာ ဖြစ်ပါ တယ်။
ဒါ့အပြင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်း၊ပြည်နယ်ဝန်ကြီးချုပ် ၃၀ ကျော်နဲ့ ဘာသာရေးခေါင်းဆောင်တချို့ ကိုလည်း သီရိပျံချီဘွဲ့ပေးအပ်တယ်လို့ ထုတ်ပြန်ပါတယ်။
တစ်ခါ စစ်ကောင်စီရဲ့ ဒုဝန်ကြီးတွေကိုတော့ ဇေယျကျော်ထင်ဘွဲ့ပေးအပ်တာဖြစ်ပြီး ပြန်ကြားရေးဒုဝန်ကြီး လည်းဖြစ်တဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းလည်း ဇေယျကျော်ထင်ဘွဲ့ရရှိတဲ့အထဲပါဝင်ပါတယ် ။
စစ်ခေါင်းဆောင်တွေအချင်းချင်း အခုလို ဘွဲ့တံဆိပ်တွေလှည့်ပတ်ပေးနေတာနဲ့ ပတ်သက်လို့ CDM တပ် အသိုင်း အဝိုင်းကအခုလိုပြောပါတယ်။
”စစ်ခေါင်းဆောင်တွေမှာက နဂိုထဲက ပြောနေကျစကားရှိတယ်။ ပရိုမိုးရှင်းတို့၊ စွမ်းရည်ဘွဲ့တံဆိပ်တို့ဆိုတာ အိတ်ထဲက စိုက်ပေးရတာမဟုတ်ဘူး၊ ပိုက်ဆံကုန်တာမှမဟုတ်တာ ပေးသာပေး ကြိုက်သလောက်ပေး ဆိုတာမျိုး သူတို့အကျင့်ကိုကအဲ့ဒီလို၊ ကိုယ့်အိတ်ထဲကစိုက်ပေးရတာမျိုးမှမဟုတ်တာ ဒီကောင်တွေ ပျော်သွား အောင်ပေးသာပေးလိုက်ဆိုတာမျိုးနဲ့ အောက်ကိုစည်းရုံးပြီး သေဖော်ညှိပြီးပေးတာပေါ့၊ ဒါပါဘဲ” လို့ CDM တပ်မတော်သားအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
#စစ်ခေါင်းဆောင် #ဘွဲ့တံဆိပ် #အချင်းချင်းပေး #AyeyarwaddyTimes