ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

 

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပခဲ့သည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာ့အရေးနှင့်ပတ်သတ်သည့် ကြေညာချက်ကို ကြိုဆိုကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) က ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ပါရီမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးမှတဆင့် မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ယိုယွင်းပျက်စီးလာနေမှုအပေါ် အလွန်စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန်ကြောညာခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းလျှော့ချရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို ထင်ဟပ်စေသော စစ်မှန်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေး တောင်းဆိုထားမှုအပေါ် ကိုလည်း SCEF ကကြိုဆိုကြောင်း ပြောသည်။

ထို့အပြင် G7 နိုင်ငံများအနေဖြင့် မြန်မာစစ်အာဏာရှင်များနှင့် ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည် ထူထောင်ခြင်းမပြုပဲ လက်ရှိ SCEF မှဖော်ဆောင်လျက်ရှိသည့် ပြည့်စုံလွှမ်းခြုံသောနိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ၎င်းတို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

 

အဆိုပါမူဘောင်သည် ပြည်သူများကိုကာကွယ်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် ချက်ခြင်းဆောင်ရွက်ရမည့် အစီအမံများကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်သို့ ဦးတည်သည့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ချိတ်ဆက်ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် SCEF နှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ရေး ကူညီပံ့ပိုးပေးကြရန်လည်း SCEF က ဖိတ်ခေါ်ထားသည်။

 

ထို့ပြင် ပါရီမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ကျင်းပသည့် “ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြင်သစ်အစိုးရ၏ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်