ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ ကြိုးပမ်းလာခြင်းကြောင့် မနီလာ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မနီလာမြို့မှာ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ ရှိနေပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေ ဖြစ်ပွားနေပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ဇန်နဝါရီနဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီးမှာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲက ထက်ဝက်နီးပါးဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေးတွေကို တိုးမြှင့်လာခဲ့ပါတယ်။

လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတို့ဟာ ဒီနှစ်ထဲမှာတင် ရွေးတုသမ္မတ မင်းအောင်လှိုင်ကို တရားဝင် ခရီးစဉ်တွေ ဖိတ်ကြားပြီး လက်ခံခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံ ပြန်ပါဝင်လာနိုင်ဖို့ အောက်တိုဘာလက ကတိပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေကို ပိုမိုဖြေလျှော့ပေးဖို့ တောင်းဆိုလာနေပြီ ဖြစ်ပါတယ်။

“ထိုင်းနိုင်ငံအတွက် နောက်တစ်ဆင့်အနေနဲ့ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးတွေမှာ ပါဝင်ခွင့်ပြုဖို့ ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။

အာဆီယံ တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အလွန်နည်းပါးနေဆဲဖြစ်ပြီး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေသလို သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ အိုးအိမ်စွန့်ခွာနေရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။

ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ မြန်မာစစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးမှုတွေ ဖြစ်မြောက်ရေး ကူညီပေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းထားပါတယ်။

အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုဟာ အောက်တိုဘာလမှာ လူသားချင်းစာနာထောက်ထားမှု မစ်ရှင်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ဘုံသဘောတူညီချက် မရရှိသေးဘဲ ထိုင်းနဲ့ အခြားနိုင်ငံတွေရဲ့ သီးခြားချဉ်းကပ်မှုတွေကြောင့် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုက စမ်းသပ်ခံနေရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

News: Reuters
Ref; ASEAN faces Myanmar dilemma as some members pursue closer ties