ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

အာရက္ခဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသော သုံးမြို့နယ်ကို အာရက္ခပြည်သူလက်ထဲသို့ မကြာမီ ပေးအပ်နိုင်ရန် ဆက်လက်သိမ်းပိုက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) က ထုတ်ပြန်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)သည် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရာ အာရက္ခဒေသရှိ မြို့နယ်အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်၊ သုံးနှစ်ပြည့်၌ ထိုကဲ့သို့ အသိပေး ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါကျန်ရှိသုံးမြို့နယ်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ဖြစ်ပြီး ULA/AA အနေဖြင့် မပြီးဆုံးသေးသော တိုက်ပွဲများ ဆက်လက်ဆင်နွှဲ၍ အာရက္ခဘိုးဘွားပိုင်နယ်မြေများကို အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမည်ဟုဆိုသည်။

ထို့အပြင် အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲများ ဖော်ဆောင်မှု သုံးနှစ်ပြည့်နေ့၌ အာရက္ခပြည်သူတစ်ရပ်လုံးနှင့်အတူ အာရက္ခစစ်သည်/စစ်မယ်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြည်သူ့ဝန်ထမ်းတိုင်းကို ဂုဏ်ပြုလိုက်ကြောင်း ULA/AA က ဖော်ပြသည်။

ယင်းကာလများအတွင်း ခက်ခဲကြမ်းတမ်းမှုများနှင့်အတူ ဘဝ၊ အသက်၊ သွေး၊ ချွေး၊ မျက်ရည်၊ စည်းစိမ်အပါအဝင် မိမိတို့၏ သား/သမီး ရင်သွေးရတနာများကိုပါ ပေးဆပ်ပြီး ဆင်းရဲဒုက္ခမျိုးစုံတို့ကို အာရက္ခပြည်သူများကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြောင်းလည်း အသိအမှတ်ပြုထားသည်။

ထို့ကြောင့် ယနေ့အချိန်အထိ “ရက္ခိတလမ်းစဉ်” အထမြောက်စေရန် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်ပတ်သက်၊ ရပ်တည်ပေးခဲ့ကြသော ကမ္ဘာအရပ်ရပ်ရှိ အာရက္ခပြည်သူလူထုတစ်ရပ်လုံးကို ULA/AA က အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုထားသည်။

အလားတူ သတ္တိရှိပြီး အမိန့်နာခံမှုကောင်း၊ တိုက်ပွဲဝင်ကောင်းသော အာရက္ခစစ်သည်တော်များအား မွေးထုတ်ပေးလိုက်သည့် မိခင်တိုင်းကိုလည်း လေးနက်စွာ ဂုဏ်ပြု၍ အာရက္ခတပ်တော်၏ (၁၇) နှစ်တာ ဖြတ်သန်းမှုမှာ မည်သည့်အခါမျှ အလဟဿ ဖြစ်သွားလိမ့်မည်မဟုတ်ဟု အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – AA