ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ လာမယ့်အပတ် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ခေါင်းဆောင်သုံးဦးဟာ တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပဆွေးနွေးပွဲအဖြစ် နိုဝင်ဘာ ၁၉ ရက်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဒေါ်နယ်ထရမ့်က ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် လျှော့ချရေးကိစ္စနဲ့ အီရန်စစ်ပွဲအကြောင်းကို အဓိကထား ဆွေးနွေးသွားဖို့ ရှိပေမယ့် ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပြန့်ပွားလာတာဟာ အလွန် အန္တရာယ်များတယ်လို့ ဒေါ်နယ်ထရမ့်က ယူဆတာကြောင့် လက်နက်လျှော့ချရေးကိစ္စကို ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာဝေးလ်စ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား၊ ယူကရိန်းတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာဖြစ်လို့ တရုတ်ပါဝင်တဲ့ ဒီသုံးပွင့်ဆိုင်ပွဲမှာ ဆွေးနွေးဖို့ မသင့်တော်ဘူးလို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ခရီးစဉ်မှာ Tesla နဲ့ SpaceX ပိုင်ရှင် အီလွန်မက်စ် လိုက်ပါသွားမှာ ဖြစ်ပေမယ့် ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ တွေ့ဆုံမယ့် အစည်းအဝေးမှာတော့ ပါဝင်မှာ မဟုတ်ပါဘူး။
ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၁၉ ရက်မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံသီးသန့် နေ့လယ်စာစားပွဲနဲ့ အစည်းအဝေး ပြုလုပ်မှာဖြစ်ပြီး ဒါဟာ ၂၀၂၅ ခုနှစ် ဒေါ်နယ်ထရမ့် အာဏာပြန်ရပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးကြား လေးကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာမှာပါ။
တရုတ်သူလျှိုလို့ စွပ်စွဲခံရသူနဲ့ ပတ်သက်မှုကြောင့် Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် ရာထူးမှ နုတ်ထွက်သွားတဲ့ကိစ္စနဲ့ အရေးကြီးတဲ့ ချစ်ပ်နည်းပညာ ပို့ကုန်ထိန်းချုပ်မှု ကိစ္စတွေကိုလည်း တရုတ်ခေါင်းဆောင်တွေနဲ့ မဆွေးနွေးဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၁၆ ရက်မှာ ဝါရှင်တန်မှ ထွက်ခွာမှာဖြစ်ပြီး ရှန်ကျန်းမြို့ကို မသွားခင် နိုဝင်ဘာ ၁၇ ရက်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။
News: AFP
Ref; Trump, Xi, Putin to hold historic meeting in China: White House