ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ရွေးတုအစိုးရတပ်၏ ညသန်း ခေါင်ယံ လေကြောင်းတိုက်ခိုက်သဖြင့် အရပ်သားနှစ်ဦး သေဆုံးပြီး ကလေးငယ် အပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာနှင့် မင်းတပ် – မတူပီ ကားလမ်းပိုင်း တစ်နေရာကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်နှစ်စီးဖြင့် ဗုံးကြဲခဲခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့ လေးကြိမ်လောက် ဗုံးကြဲသွားတာပါ။ ရွာဘက်မှာ ဗုံးသီး လေးလုံးကြဲတယ်။ ကားလမ်းဘေးဘက်မှာလည်း ဗုံးသီးလေးလုံးလောက်ကြဲတယ်။ စုစုပေါင်း ဗုံးသီး ရှစ်လုံးပါ”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာနေ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့သည် အခင်းဖြစ်ပွားရာနေရာမှာ ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ထို့အပြင် ကလေးငယ် တစ်ဦးနှင့် မိခင်ဖြစ်သူတို့မှာလည်း ဗုံးစထိမှန် ပြင်းထန် ဒဏ်ရာရရှိပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာထဲရှိ သာသနိကအဆောက်အအုံဖြစ်သည့် ဘုန်းကြီးကျောင်းနှင့် သိမ်ကျောင်း၊ နတလ အဆောက်အအုံ၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။